တရုတ်ပြည်သူ့လက်နက်ကိုင်ရဲတပ်ဖွဲ့က ဟောင်ကောင်နဲ့နယ်စပ်အနီးမှာ လေ့ကျင့်မှုတွေ ပြုလုပ်ခဲ့ပါတယ်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က တရုတ်သမ္မတ ရှီကျင်းပင်ကို ဟောင်ကောင်မှ ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှား ဆန္ဒပြသူတွေနဲ့ တွေ့ဆုံဆွေးနွေးရန် သြဂုတ် ၁၅ ရက်နေ့က တိုက်တွန်းလိုက်ပါတယ်။

(ထရန်နဲ့ရှီကျင်းပင်) (Photo: Reuters)

တရုတ်သမ္မတနဲ့ ဟောင်ကောင်ဆန္ဒပြသူတွေ တွေ့ဆုံကြခြင်းက သုံးလအတွင်း ရောက်ရှိနေပြီဖြစ်တဲ့ ဆန္ဒပြမှုတွေကို အဆင်ပြေပြေ အဆုံးသတ်ရေး ဦးတည်နိုင်ကြောင်း ထရန့်ကဆိုပါတယ်။ "တစ်ကယ်လို့သာ သမ္မတရှီကျင်းပင်က ဆန္ဒပြသူတွေနဲ့ တိုက်ရိုက်နဲ့ ပုဂ္ဂိုလ်ရေးအရ တွေ့ဆုံခဲ့မယ်ဆိုရင် ဟောင်ကောင်ပြဿနာကို အဆင်ပြေပြေနဲ့ မှန်မှန်ကန်ကန် ပြီးဆုံးစေမှာပါ၊ ဒါကို ကျွန်တော် သံသယမရှိပါဘူး" လို့ အမေရိကန်သမ္မတက ပြောခဲ့ပါတယ်။



ထရန့်က ကုန်သွယ်ရေးဆက်ဆံမှုနဲ့ ဟောင်ကောင်အရေးကိစ္စတို့နဲ့ ပတ်သက်ပြီး ဗုဒ္ဓဟူးနေ့ (သြဂုတ် ၁၄ ရက်) က Twitter မှာ ရေးသားခဲ့မှုအပေါ် ရှင်းလင်းပြောကြားခြင်း ဖြစ်ပုံရတယ်လို့ ဆိုပါတယ်။ ထိုအတောအတွင်း ဟောင်ကောင်မှာ ပေါ်ပေါက်နေတဲ့ အခြေအနေတွေကို သတိပေးမှုအဖြစ် တရုတ်ပြည်သူ့ လက်နက်ကိုင်ရဲတပ်ဖွဲ့က ဟောင်ကောင်နဲ့နယ်စပ် Shenzhen မြို့ရှိ အားကစားကွင်းတစ်ခုမှာ လေ့ကျင့်မှုတွေ သြဂုတ် ၁၅ ရက်နေ့က ပြုလုပ်ခဲ့ကြပါတယ်။

(ဟောင်ကောင်နယ်စပ်အနီးမှ တရုတ်လက်နက်ကိုင်တပ်ဖွဲ့ယာဉ်များ) (Photo: Reuters)

အမေရိကန်ကတော့ ဆန္ဒပြမှုတွေ ဖြစ်ပွားနေတဲ့ ဟောင်ကောင်နဲ့နယ်စပ်တစ်လျှောက်မှာ တရုတ်အစိုးရက လက်နက်ကိုင်တပ်ဖွဲ့များ ဖြန့်ကျက်ချထားနိုင်မှုကို စိုးရိမ်ကြောင်းပြောထားပါတယ်။ သို့သော် အနောက်အုပ်စုနဲ့ အာရှနိုင်ငံများမှ သံတမန်တွေကတော့ တရုတ်အနေနဲ့ ဟောင်ကောင်လမ်းမတွေပေါ်မှာ ပြည်သူ့လက်နက်ကိုင်ရဲတပ်ဖွဲ့ သို့မဟုတ် ပြည့်သူလွတ်မြောက်ရေးတပ်မတော် တပ်ဖွဲ့ဝင်တွေကို ဖြန့်ကျက်သွားရန် ဆန္ဒအနည်းငယ်သာရှိကြောင်း ပြောခဲ့ပါတယ်။

ယမန်နေ့မှာတော့ Shenzhen မြို့ရှိ အားကစားကွင်းအတွင်း တိုက်ပွဲဝင်ဝတ်စုံများ ဝတ်ဆင်ထားတဲ့ လက်နက်ကိုင်ရဲတပ်ဖွဲ့ဝင်တွေ အော်ဟစ်နေသံနဲ့ ခရာမှုတ်သံတွေကို ကြားနေခဲ့ရကြောင်း Reuters သတင်းထောက်တစ်ဦးက ပြောပါတယ်။ အားကစားကွင်းနဲ့ကပ်လျက်မှာ လက်လီအရောင်းဆိုင်နေရာ တည်ရှိပြီး ဈေးဝယ်သူများတွေကို အားကစားကွင်းအနီး လာရောက်ခြင်းမပြုဘူးလို့ ဆိုပါတယ်။

(Shenzhen မြို့ အားကစားကွင်းထဲမှ တရုတ်လက်နက်ကိုင်တပ်ဖွဲ့ဝင်များ) (Photo: AFP)

အားကစားကွင်းကို ပိတ်ထားခဲ့ပြီး လက်နက်ကိုင်တပ်ဖွဲ့ဝင်တွေရဲ့ ကားအများအပြားကိုလည်း တွေ့ခဲ့ရပါတယ်။ ဟောင်ကောင်မှာ တရားခံလွှဲပြောင်ရေး ဥပဒေမူကြမ်းကို အကြီးအကျယ် ကန့်ကွက်ဆန္ဒပြမှုတွေ ပြီးခဲ့တဲ့ ဇွန်လ ၉ ရက်နေ့မှာ စတင်ပေါ်ပေါက်ခဲ့ပြီး နှစ်လကျော် သုံးလအတွင်း သီတင်းပတ်ကုန် ရက်များအပြင် အခြား ရက်တွေမှာပါ ဆန္ဒပြမှုတွေ ဆက်တိုက်ဖြစ်နေခဲ့ပါတယ်။

ဆန္ဒပြသူတွေက ဟောင်ကောင်နေရာအနှံ့အပြား စုရုံးချီတက်ပွဲတွေ ပြုလုပ်လာခဲ့ကြပြီး မိသားစုများမှ ရှေ့နေများအထိ အားပေးထောက်ခံမှုတွေ ရရှိထားကြပါတယ်။ ဆန္ဒပြမှုများအတွင်း ရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံးနဲ့ ရာဘာကျည်ဆန်များသုံးပြီး လူစုခွဲရန် လုပ်ဆောင်ခဲ့သလို ဆန္ဒပြသူတွေကလည်း အုတ်ခဲများနဲ့ ပုလင်းများဖြင့် ပစ်ပေါက်ခဲ့ကြကာ အကြမ်းဖက် အဓိကရုဏ်းဖြစ်ပွားမှုတွေ ရှိခဲ့ပါတယ်။

(ဟောင်ကောင်ဆန္ဒပြသူများ) (Photo: Picture-Alliance/NurPhoto/V. Yuen)

ဆန္ဒပြသူတွေကို တုတ်များကိုင်ဆောင်ထားတဲ့ လူအုပ်စုတစ်ခုက MRT ရထားဘူတာရုံမှာ တိုက်ခိုက်မှုလည်းဖြစ်ပွားခဲ့ပါတယ်။ သြဂုတ်လ ၉ ရက်နေ့မှာတော့ ဆန္ဒပြသူတွေက ဟောင်ကောင်လေဆိပ်မှာ သုံးရက်ကြာ ထိုင်သပိတ် စတင်ဆင်နွှဲခဲ့ကြပြီး လေကြောင်းခရီးစဉ်များ ဖျက်သိမ်းရမှုတွေလည်း ရှိခဲ့ပါတယ်။ တရုတ်ဗဟိုးအစိုးရကတော့ ဟောင်ကောင်ဆန္ဒပြသူတွေကို ပြင်းပြင်းထန်ထန် သတိပေးခြိမ်းခြောက်မှုတွေ ရှိခဲ့ပါတယ်။

လူဦးရေ ၇.၃ သန်းကျော်ရှိတဲ့ ဟောင်ကောင်ကို ၁၉၉၇ ခုနှစ် ဇူလိုင် ၁ ရက်နေ့မှာ ဗြိတိန်နိုင်ငံက တရုတ်နိုင်ငံသို့ ပြန်လည် လွှဲပြောင်းပေးခဲ့ပြီးနောက် 'တစ်နိုင်ငံ စနစ်နှစ်မျိုး' မူဝါဒဖြင့် ဟောင်ကောင်ကို အုပ်ချုပ်နေပါတယ်။ ဗြိတိန်နိုင်ငံ ပြန်လည် လွှဲပြောင်းပေးခဲ့ပြီးနောက် ဟောင်ကောင်ဟာ တရုတ်နိုင်ငံရဲ့ အထူးကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ နယ်မြေအဖြစ် ရပ်တည်နေကြောင်း သိရပါတယ်။

Share

Loading Next Article...
က္က