အမျိုးသားရှစ်ဦးနဲ့ အမျိုးသမီးတစ်ဦး ဖြစ်ပါတယ်။

သီရိလင်္ကာမှာ လူ ၂၅၃ ဦး သေဆုံးခဲ့တဲ့ အီစတာဆန်းဒေးနေ့ အသေခံဗုံးခွဲမှုတွေ လုပ်ဆောင်ခဲ့သူကိုးဦးရဲ့ အမည်တွေကို ရဲတပ်ဖွဲ့က မေ ၁ ရက်နေ့မှာ ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

(အသေခံဗုံးပေါက်ကွဲခဲ့သည့် ခရစ်ယာန်ဘုရားကျောင်းမြင်ကွင်း) (Photo: Bloomberg)

အသေခံဗုံးခွဲသမားတွေရဲ့ ပိုင်ဆိုင်မှုတွေကိုလည်း အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေများအရ နိုင်ငံတော်ဘဏ္ဍာအဖြစ် သိမ်းယူသွားမယ်လို့ သိရပါတယ်။ ဧပြီ ၂၁ ရက် အီစတာဆန်းဒေးနေ့ (Easter Sunday) က ဇိမ်ခံဟိုတယ်နှစ်ခုမှာ အသေခံဗုံးခွဲခဲ့သူနှစ်ဦးဟာ ဟင်းခတ်အမွေးအကြိုင် ပို့ကုန်လုပ်ငန်းလုပ်ငန်း လုပ်ကိုင်ကြတဲ့ ကိုလံဘိုမြို့နေ ချမ်းသာကြွယ်ဝတဲ့ မိသားစုမှဖြစ်ကြောင်း ရဲတပ်ဖွဲ့ပြောခွင့်အမျိုးသား Ruwan Gunasekera က အတည်ပြုပါတယ်။



အစွန်းရောက်အုပ်စုက အီစတာဆန်းဒေးနေ့ တိုက်ခိုက်မှုတွေလုပ်ဆောင်ခဲ့ရာမှာ Shangri-La ဟိုတယ်မှလွဲပြီး နေရာတစ်ခုစီကို အသေခံဗုံးခွဲသမားတစ်ဦးက ဗုံးခွဲတိုက်ခိုက်ရန် စီစဉ်ခဲ့ကြတာဖြစ်ပါတယ်။ Shangri-La ဟိုတယ်မှာတော့ အသေခံ ဗုံးပေါက်ကွဲမှုနှစ်ခု ဖြစ်ပွားခဲ့ပါတယ်။

(အီစတာဆန်းဒေးနေ့ တိုက်ခိုက်မှုကို ဦးဆောင်ခဲ့သူ ဇာဟ်ရန် ဟရှင်မ်) (Photo: Daily Mail)

Shangri-La ဟိုတယ်မှာ အသေခံဗုံးခွဲခဲ့သူတစ်ဦးမှာ အီစတာဆန်းဒေးနေ့ တိုက်ခိုက်မှုတွေကို ဦးဆောင်ခဲ့တဲ့ ဇာဟ်ရန် ဟရှင်မ် ဖြစ်တယ်လို့သိရပါတယ်။ ဟရှင်မ်ဟာ သီရိလင်္ကာမှာ ပိတ်ပင်ထားတဲ့ National Thowheeth Jama'ath (NTJ) အစွန်းရောက်အုပ်စုရဲ့ ခေါင်းဆောင်လည်းဖြစ်ပါတယ်။

၎င်းက Shangri-La ဟိုတယ်မှာ နောက်ထပ် အစွန်းရောက်အုပ်စု အဖွဲ့ဝင်ဖြစ်သူ Ilham Ahmed Mohamed Ibrahim နဲ့အတူ အသေခံဗုံးခွဲတိုက်ခိုက်ခဲ့ပါတယ်။ Ilham Ahmed Mohamed Ibrahim ရဲ့ အစ်ကိုဖြစ်သူ Inshaf Ahmed ကလည်း Shangri-La ဟိုတယ်အနီးရှိ Cinnamon Grand ဟိုတယ်မှာ အသေခံ ဗုံးခွဲခဲ့သူဖြစ်ကြောင်း သိရပါတယ်။

(ဗုံးပေါက်ကွဲခဲ့သည့် Shangri-La ဟိုတယ်မြင်ကွင်း) (Photo: AP)

တတိယမြောက် ဟိုတယ်ဖြစ်တဲ့ Kingsbury မှာတော့ Mohamed Azzam Mubarak Mohamed အမည်ရှိ အမျိုးသားက အသေခံဗုံးခွဲခဲ့တာဖြစ်ပါတယ်။ ၎င်းရဲ့ဇနီးကို ရဲတပ်ဖွဲ့က ဖမ်းဆီးထားကြောင်း Ruwan Gunasekera က ပြောပါတယ်။ St. Anthony's ခရစ်ယာန်ဘုရားကျောင်းကိုတော့ ဒေသခံတစ်ဦးဖြစ်တဲ့ Ahmed Muaz က ဗုံးခွဲတိုက်ခိုက်ခဲ့ကြောင်းသိရပြီး ၎င်းရဲ့အစ်ကိုဖြစ်သူကို ဖမ်းဆီးထားပါတယ်။

နောက်ထပ် ခရစ်ယာန်ဘုရားကျောင်းတစ်ကျောင်းဖြစ်တဲ့ St. Sebastian မှာ အသေခံဗုံးခွဲခဲ့သူဟာ Mohamed Hasthun ဖြစ်ပြီး ၎င်းက တိုက်ခိုက်မှုတွေကို ဦးဆောင်ခဲ့သူ ဟရှင်မ် အခြေစိုက်နေထိုင်ရာ သီရိလင်္ကာအရှေ့ပိုင်းဒေသမှာ နေထိုင်သူလို့ဆိုပါတယ်။ Batticaloa မြို့ရှိ Christian Zion ဘုရားကျောင်းကို ဗုံးခွဲခဲ့သူမှာ ဒေသခံတစ်ဦးဖြစ်သူ Mohamed Nasser Mohamed Asad ဖြစ်တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။

(အသေခံဗုံးခွဲသမားတစ်ဦးကို CCTV မှတ်တမ်းမှာတွေ့ရစဉ်) (Photo: BBC)

နောက်ထပ် အသေခံဗုံးခွဲသမား အမျိုးသားတစ်ဦးကတော့ de luxe ဟိုတယ်မှာ ဗုံးခွဲရန်စီစဉ်ထားပေမဲ့ မအောင်မြင်ခဲ့ဘဲ ကိုလံဘိုမြို့အနီးရှိ ဧည့်ဂေဟာတစ်ခုမှာတင် ပေါက်ကွဲသွားခဲ့တယ်လို့ သိရပါတယ်။ ထိုအမျိုးသားဟာ Abdul Latheef ဆိုသူဖြစ်ပြီး ဗြိတိန်နဲ့ သြစတြေးလျမှာ ပညာသင်ကြားခဲ့သူည်း ဖြစ်ပါတယ်။

ကိုလံဘိုမြို့ရှိ ဇိမ်ခံဟိုတယ်တွေမှာ ဗုံးခွဲတိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့ပြီး မကြာမီမှာပင် Shangri-La ဟိုတယ်မှာ ဗုံးခွဲခဲ့တဲ့ Ilham Ahmed Mohamed Ibrahim ရဲ့ ဇနီးဖြစ်သူ Fathima Ilham ကလည်း သူမထံမှာ တပ်ဆင်ထားတဲ့ဗုံးကို အသေခံ ဖောက်ခွဲခဲ့ပါတယ်။ ထိုပေါက်ကွဲမှုအတွင်း Fathima Ilham အပြင် သူမရဲ့ ကလေးနှစ်ဦးနဲ့ ကိုလံဘိုမြို့ရှိ ၎င်းတို့မိသားစုနေအိမ်ကို အလျင်အမြန် ရောက်ရှိလာခဲ့တဲ့ ရဲအရာရှိသုံးဦးလည်း သေဆုံးခဲ့ကြောင်းသိရပါတယ်။

"အကြမ်းဖက်သမားကို ငွေကြေးထောက်ပံ့မှု တားဆီးရေးဥပဒေသုံးပြီး သူတို့ရဲ့ ပိုင်ဆိုင်မှုကို နိုင်ငံတော်ဘဏ္ဍာအဖြစ် သိမ်းယူသွားမှာပါ" လို့ ရဲတပ်ဖွဲ့ပြောခွင့်ရအမျိုးသား Ruwan Gunasekera က ပြောခဲ့ပါတယ်။ ဗုံးခွဲတိုက်ခိုက်မှုတွေကို လူသိနည်းတဲ့ ပြည်တွင်းအခြေစိုက် အစွန်းရောက် အစ္စလာမ်စ်အုပ်စု National Thowheed Jamath (NTJ) က ပြည်ပ အကြမ်းဖက်အုပ်စုတွေနဲ့ ချိတ်ဆက်လုပ်ဆောင်ခဲ့ကြောင်း သီရိလင်္ကာအစိုးရက ပြောထားခဲ့ပါတယ်။ သီရိလင်္ကာ ဗုံးခွဲတိုက်ခိုက်မှုတွေကို ၎င်းတို့လုပ်ဆောင်ခဲ့တယ်လို အိုင်အက်စ်အကြမ်းဖက်အဖွဲ့ကလည်း ထုတ်ဖော်ကြေညာခဲ့ပါတယ်။

ဆက်စပ်သတင်းမျာ


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က