ပရိသတ်တွေ စိတ်ဝင်စားမှုများခဲ့တဲ့ သတင်းဖြစ်ရပ်အချို့ပါ

၂၀၁၈ ခုနှစ်က ပရိသတ်တွေအတွက် စိတ်လှုပ်ရှားစရာ စိတ်ဝင်စားစရာ နိုင်ငံတကာသတင်းဖြစ်ရပ်တွေ ဖြစ်ခဲ့တယ်လို့ဆိုနိုင်ပါ။ မဖြစ်နိုင်ဘူးလို့ ထင်ထားခဲ့တဲ့ဖြစ်ရပ် ရင်တမမနဲ့စောင့်ကြည့်ခဲ့ရတဲ့ဖြစ်ရပ် ကြည်နူးစရာဖြစ်ရပ် ဝမ်းနည်းစရာဖြစ်ရပ် စတဲ့သတင်းဖြစ်ရပ်များစွာ ဖြစ်ခဲ့ပါတယ်။ ဒီလိုသတင်းဖြစ်ရပ်တွေထဲက ပရိသတ်တွေ စိတ်ဝင်စားမှုများခဲ့တဲ့ သတင်းဖြစ်ရပ်အချို့ကို ကောက်နုတ်တင်ဆက်ထားပါတယ်။

ကမ္ဘာတစ်ဝှမ်းက စိတ်လှုပ်ရှားခဲ့ကြရတဲ့ တောဝက်တို့ကို ကယ်တင်ခြင်း

ထိုင်းနိုင်ငံမှာ ဂူတစ်ခုအတွင်း သီတင်းနှစ်ပတ်ကျော်ကြာ ပိတ်မိနေခဲ့ကြတဲ့ လူငယ်ဘောလုံးအသင်းကို နိုင်ငံအများအပြားက ပါဝင်ကူညီမှုတွေနဲ့အတူ အသက်ရှင်လျင် အောင်မြင်စွာကယ်ထုတ်နိုင်ခဲ့တဲ့ သတင်းက စာဖတ်ပရိသတ်တွေကို စိတ်လှုပ်ရှားမှုအပြည့် ဖြစ်စေခဲ့ပါတယ်။

ဇွန်လ ၂၃ ရက်နေ့က မြန်မာနိုင်ငံနဲ့နယ်စပ်နီး ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းရိုင်းခရိုင် မယ်ဆိုင်မြို့ဧရိယာအတွင်းရှိ Tham Luang ဂူထဲကို ဝင်ရောက်သွားခဲ့ကြတဲ့ တောဝက်လူငယ်ဘောလုံးအသင်းမှ အသက် ၁၁ နှစ်မှ ၁၇ နှစ်အရွယ် ယောက်ျားလေး ၁၂ ဦးနဲ့ ၎င်းတို့ရဲ့ အသက် ၂၅ နှစ်အရွယ် ဘောလုံးနည်းပြတို့ဟာ ဂူထဲကို ရေများဝင်ရောက်လာခဲ့ပြီးနောက် ပိတ်မိသွားခဲ့ကြပါတယ်။


(ဂူထဲကနေ ကယ်ထုတ်နိုင်ခဲ့တဲ့ တောဝက်ဘောလုံးအသင်း) (Photo: CNA)

၎င်းတို့အုပ်စုဟာ ဂူထဲမှာ ၉ ရက်ကြာ ပျောက်ဆုံးနေခဲ့ပြီး ၁၀ ရက်မြောက်နေ့ဖြစ်တဲ့ ဇူလိုင် ၂ ရက် ညပိုင်းမှာတော့ ကယ်ဆယ်ရေးအဖွဲ့မှ ဗြိတိန်ရေငုပ်သမားနှစ်ဦး

က ပြန်ရှာတွေ့ခဲ့ကြပါတယ်။ ထို့နောက် လူငယ်အုပ်စုကို ဂူအတွင်း လိုအပ်တဲ့ ပြုစုစောင့်ရှောက်မှုများ လုပ်ဆောင်ပေးခဲ့ပြီး ဂူအပြင်ကိုကယ်ထုတ်ရန် ကြိုးပမ်းခဲ့ကြပါတယ်။

ဂူထဲမှာ ပိတ်မိခဲ့တဲ့ လူငယ်တွေထဲမှာ မြန်မာပြည်ဖွားနှစ်ဦးလည်း ပါဝင်ခဲ့ပြီး သူတို့ကို အသက်ရှင်လျက် အောင်မြင်စွာ ကယ်ထုတ်နိုင်ရန် ကြိုးပမ်းလုပ်ဆောင်မှုတွေကို မြန်မာနဲ့ ကမ္ဘာတစ်ဝှမ်းက စိတ်ဝင်တစား စိတ်လှုပ်ရှားစွာ စောင့်ကြည့်ခဲ့ကြပါတယ်။ ကယ်ဆယ်ရေးအဖွဲ့တွေရဲ့ မဆုတ်မနစ် ကြိုးပမ်းအားထုတ်မှု၊ လူငယ်လေးတွေရဲ့ စိတ်ဓာတ်ကြံ့ခိုင်မှုတွေကြောင့် တောဝက်ဘောလုံးအသင်းကို ဇူလိုင် ၈ ရက်၊ ၉ ရက်နဲ့ ၁၀ ရက်တို့မှာ ဂူအပြင်ကို အောင်မြင်စွာကယ်ထုတ်နိုင်ခဲ့ကြပါတယ်။

တောဝက်ဘောလုံးအသင်းကို ဂူထဲကနေ ကယ်ထုတ်ရေးမှာ ပါဝင်ကူညီခဲ့တဲ့ ထိုင်းရေတပ် အထူးတပ်ဖွဲ့ဝင်ဟောင်း ရေငုပ်သမား ဆမန်ခွန်းနမ် (Saman Kunan) ကတော့ အောက်စီဂျင်ဘူးတွေ ပို့ဆောင်ပေးနေစဉ် ဂူအတွင်း အောက်စီဂျင်ပြတ်ကာ သေဆုံးခဲ့ပါတယ်။ Tham Luang ဂူထဲကနေ ထိုင်းလူငယ်အုပ်စုကို ရှာဖွေကယ်ဆယ်မှုအား မြန်မာနိုင်ငံ အပါအဝင် ၁၁ နိုင်ငံထက်မနည်းက ပူးပေါင်းကူညီခဲ့ကြပါတယ်။

သမိုင်းဝင်ခဲ့တဲ့ ထရန့်နဲ့ကင်မ် စင်ကာပူထိပ်သီးဆွေးနွေးပွဲ

နျူကလီးယားစစ်ပွဲတစ်ခု ဖြစ်လာတော့မလားလို့ပင် စိုးရိမ်ခဲ့ရတဲ့အထိ စကားလုံးတိုက်ပွဲတွေ ဆင်နွှဲခဲ့ကြတဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်နဲ့ မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်တို့ ထိပ်သီးတွေ့ဆုံပွဲကလည်း ကမ္ဘာတစ်ဝှမ်းက စိတ်ဝင်တစား စောင့်ကြည့်ခဲ့ကြတဲ့ ၂၀၁၈ သတင်းဖြစ်ရပ်တစ်ခုပါပဲ။

စင်ကာပူမှာ သမိုင်းဝင် တွေ့ဆုံခဲ့ကြသည့် ကင်မ်နှင့်ထရန့် (Photo: Saul Loeb/AFP)

အမေရိကန်သမ္မတထရန့်နဲ့ မြောက်ကိုရီးယားခေါင်းဆောင်ကင်မ်တို့ဟာ စင်ကာပူနိုင်ငံ ဆန်တိုဆာကျွန်းမှာ ဇွန်လ ၁၂ ရက်နေ့က သမိုင်းဝင် ထိပ်သီးတွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။ အဆိုပါ ထိပ်သီးတွေ့ဆုံမှုဟာ တာဝန်ထမ်းဆောင်နေဆဲ အမေရိကန်သမ္မတတစ်ဦးနဲ့ မြောက်ကိုရီးယားခေါင်းဆောင်တို့ ပထမဆုံးအကြိမ် တွေ့ဆုံဆွေးနွေးမှုအဖြစ် သမိုင်းမှတ်တမ်းဝင်ခဲ့ပါတယ်။

ထရန့်နဲ့ကင်မ် ထိပ်သီးဆွေးနွေးပွဲကနေ အမေရိကန်-မြောက်ကိုရီးယား ဆက်ဆံရေးကဏ္ဍသစ် တည်ဆောင်သွားရန်၊ ကိုရီးယားကျွန်းဆွယ်မှာ ရေရှည်တည်တံပြီး တည်ငြိမ်မှုရှိတဲ့ ငြိမ်းချမ်းရေးတည်ဆောက်ရန် နှစ်နိုင်ငံ ပူးပေါင်းလုပ်ဆောင်သွားရန်၊ မြောက်ကိုရီးယားက နျူကလီးယားလက်နက် လုံးဝဖျက်သိမ်းရေး ကတိပြုမှု၊ ကျန်ရှိနေသေးတဲ့ ကိုရီးယားစစ်ပွဲကာလ အကျဉ်းသားတွေကို သတ်မှတ်အတည်ပြုရန်နဲ့ ယခင်ကတည်းက သတ်မှတ်အတည်ပြုပြီးသား စစ်ပွဲကာလ အကျဉ်းသားတွေကို ၎င်းတို့ နိုင်ငံများသို့ ချက်ချင်း ပြန်လည်ပို့ဆောင်ရန် အပါအဝင် သဘောတူညီချက်တွေကို လက်မှတ်ရေးထိုးခဲ့ကြပါတယ်။

အမေရိကန်သမ္မတထရန့်နဲ့ မြောက်ကိုရီးယားခေါင်းဆောင်ကင်မ်တို့ရဲ့ ဒုတိယအကြိမ် ထိပ်သီးတွေ့ဆုံမှုကိုလည်း ၂၀၁၉ ခုနှစ်အတွင်း ပြုလုပ်သွားမယ်လို့ ဆိုပါတယ်။

တောင်နဲ့မြောက် ကိုရီးယားနှစ်နိုင်ငံ သမိုင်းဝင် ထိပ်သီးတွေ့ဆုံမှု

ကိုရီးယားကျွန်းဆွယ်ကို နှစ်ပိုင်းပိုင်းခြားထားပြီး ရန်ဘက်တွေဖြစ်ခဲ့ကြတဲ့ တောင်နဲ့မြောက် ကိုရီးယားနှစ်နိုင်ငံ ခေါင်းဆောင်နှစ်ဦးရဲ့ သမိုင်းဝင် ထိပ်သီးတွေ့ဆုံမှုကလည်း ၂၀၁၈ ခုနှစ်အတွင်း ကမ္ဘာက စိတ်ဝင်စားခဲ့ကြတဲ့ သတင်းဖြစ်ရပ်တစ်ခု ဖြစ်ခဲ့ပါတယ်။ တောင်ကိုရီးယားသမ္မတ မွန်ဂျေအင်းနဲ့ မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်တို့ရဲ့ သမိုင်းဝင် ထိပ်သီးတွေ့ဆုံဆွေးနွေးပွဲကို နှစ်နိုင်ငံနယ်စပ် တောင်ကိုရီးယားဘက်ခြမ်း Panmunjom ကျေးရွာရှိ Peace House မှာ ဧပြီ ၂၇ ရက်နေ့က ပြုလုပ်ခဲ့ကြပါတယ်။


(ကင်မ်ဂျုံအန်နှင့် မွန်ဂျေအင်း ထိပ်သီးတွေ့ဆုံမှု) (Photo: Getty Images)

အဆိုပါ ထိပ်သီးတွေ့ဆုံမှုဟာ ၁၉၅၃ ခုနှစ်မှာ ကိုရီးယားစစ်ပွဲရပ်ဆိုင်းခဲ့ပြီးနောက်ပိုင်း မြောက်ကိုရီးယားခေါင်းဆောင်တစ်ဦးက တောင်ကိုရီးယားနိုင်ငံဘက်ကို ပထမဆုံးအကြိမ် နယ်စပ်ဖြတ်ကျော် ဝင်ရောက်မှုအဖြစ်လည်း သမိုင်းမှတ်တမ်းဝင်ခဲ့ပါတယ်။ တောင်နဲ့မြောက် ကိုရီးယားခေါင်းဆောင်နှစ်ဦးရဲ့ သမိုင်းဝင် ထိပ်သီးဆွေးနွေးပွဲမှ ကိုရီးယားကျွန်းဆွယ်မှာ နျူကလီးယားလက်နက်ဖျက်သိမ်းရေး၊ နှစ်နိုင်ငံ ပိုမိုပူးပေါင်းဆောင်ရွက်ရေး၊ ကွဲကွာမိသားစုများအရေး၊ နယ်စပ်တစ်လျှောက် ရန်စမှုနဲ့ စစ်ရေးကိစ္စများလျှော့ချရေး အပါအဝင် သဘောတူညီမှုများ ရခဲ့ကြပါတယ်။

ဧပြီ ၂၇ ရက် ထိပ်သီးဆွေးနွေးပွဲ နောက်ပိုင်းမှာလည်း တောင်ကိုရီးယားသမ္မတ မွန်ဂျေအင်းက နယ်စပ်ဒေသ မြောက်ကိုရီးယားဘက်ကို ဖြတ်ကျော်သွားရောက်ပြီး ကင်မ်ဂျုံအန်နဲ့တွေ့ဆုံခဲ့ပါသေးတယ်။ ဒါ့အပြင် စက်တင်ဘာလအတွင်းမှာလည်း တောင်ကိုရီးယားသမ္မတ မွန်ဂျေအင်းနဲ့ဇနီးတို့က မြောက်ကိုရီးယားနိုင်ငံကို သုံးရက်ကြာ ခရီးစဉ်သွားရောက်ခဲ့ပါတယ်။ တောင်နဲ့မြောက် ကိုရီးယားနှစ်နိုင်ငံဟာ ၁၉၅၀ မှ ၁၉၅၃ ခုနှစ်အထိ စစ်ပွဲဖြစ်ပွားခဲ့ကြပြီး အပစ်အခတ်ရပ်စဲထားပေမဲ့ လက်ရှိအချိန်အထိ ငြိမ်းချမ်းရေးစာချုပ်ချုပ်နိုင်ခြင်း မရှိသေးပါဘူး။

ဟယ်ရီနဲ့မီဂန် တော်ဝင်မင်္ဂလာပွဲ

၂၀၁၈ ခုနှစ်အတွင်း ကမ္ဘာတစ်ဝှမ်းက စောင့်ကြည့်ခဲ့တဲ့ သတင်းဖြစ်ရပ်တွေထဲမှာ ဗြိတိန်တော်ဝင်မင်းသားဟယ်ရီနဲ့ အမေရိကန်ရုပ်ရှင်မင်းသမီး မီဂန်မာကယ်လ်တို့ရဲ့ တော်ဝင်မင်္ဂလာပွဲကလည်း အပါအဝင်ဖြစ်ပါတယ်။ ဟယ်ရီနဲ့မီဂန်တို့ဟာ ဝင်ဆာရဲတိုက်ကြီးထဲမှာရှိတဲ့ စိန့်ဂျော့ဂျ်ဘုရားကျောင်းမှာ မေလ ၁၉ ရက်နေ့က တော်ဝင်မင်္ဂလာပွဲ ဆင်နွှဲခဲ့ကြပါတယ်။

(တော်ဝင်မင်းသားဟယ်ရီတို့စုံတွဲ) (Photo: Reuters)

သူတို့နှစ်ဦးဟာ နှစ်ဦးလုံးနဲ့ ခင်မင်ရင်းနှီးသူတစ်ဦးက မိတ်ဆက်ပေးမှုကနေ စတင်သိကျွမ်းခဲ့ကြပြီးနောက် ချစ်သူတွေဖြစ်ခဲ့ကြပါတယ်။ ထို့နောက် ၁၆ လကြာမျှ တွဲခဲ့ကြပြီးနောက် မင်းသားဟယ်ရီက မီဂန်ကို လက်ထပ်ခွင့်တောင်းခဲ့တယ်လို့ ဆိုပါတယ်။ သူတို့နှစ်ဦးရဲ့ မင်္ဂလာပွဲမှာ ထူးခြားမှုအဖြစ် နိုင်ငံရေးနယ်ပယ်ထဲက လူတွေနဲ့ အုပ်ချုပ်ရေးပိုင်းကလူတွေကိုလည်း ဖိတ်ကြားခဲ့ခြင်းမရှိပါဘူး။

ဧည့်သည်စာရင်းမှာ ဝန်ကြီးချုပ် ထရီဆာမေကိုတောင်မှ မဖိတ်ခဲ့ကြဘဲ ပရဟိတသမားတွေကို ဦးစားပေးဖိတ်ကြားခဲ့ကြပါတယ်။ အသက် ၃၄ နှစ်အရွယ် ဟယ်ရီနဲ့ အသက် ၃၇ နှစ်အရွယ် မီဂန်တို့ရဲ့ ပထမဆုံးရင်သွေးလေးကိုလည်း ၂၀၁၉ ခုနှစ် နွေဦးကာလမှာ မွေးဖွားမယ်လို့ ကင်ဆန်တန်နန်းတော်က အောက်တိုဘာ ၁၅ ရက်မှာ ထုတ်ပြန်ကြေညာထားပါတယ်။

ကမ္ဘာ့အရှည်ဆုံး ပင်လယ်ကူးတံတားကြီး

ဟောင်ကောင်၊ မကာအိုနဲ့ တရုတ်ပြည်မကြီးကို ဆက်သွယ်ထားတဲ့ ကမ္ဘာ့အရှည်ဆုံး စံချိန်တင် ပင်လယ်ကူးတံတားကြီးကို အောက်တိုဘာ ၂၃ ရက်နေ့က ဖွင့်လှစ်ခဲ့ပါတယ်။ အဆိုပါ ပင်လယ်ကူးတံတားကြီးဟာ ၃၄ မိုင်ရှည်လျားပြီး အမေရိကန်နိုင်ငံ ဆန်ဖရန်စစ္စကိုရှိ နာမည်ကျော် Golden Gate တံတားထက် အဆ ၂၀ ခန့် ပိုရှည်ပါတယ်။

(၃၄ မိုင်ရှည်တဲ့ ကမ္ဘာ့အရှည်ဆုံး ပင်လယ်ကူးတံတား) (Photo: CGTN)

ဟောင်ကောင်မှ တရုတ်တောင်ပိုင်း ဇူဟိုင်းမြို့သို့ ယခင်က သုံးနာရီကြာ သွားခဲ့ရတဲ့ခရီးကို မိနစ် ၃၀ မျှဖြင့် သွားလာနိုင်စေမယ်လို့လည်း သိရပါတယ်။ တံတားပေါ်ကနေ အများပြည်သူ ဖြတ်သန်းသွားလာမှုကိုတော့ အောက်တိုဘာ ၂၄ ရက်မှ စတင်ခွင့်ပြုခဲ့ပါတယ်။ ကမ္ဘာ့အရှည်ဆုံး တံတားကြီးပေါ်မှာ အသွားအပြန် ခြောက်လမ်းသွားလမ်းမတွေပါရှိပြီး ကျွန်းတုနှစ်ခုမှတစ်ဆင့် ပင်လယ်ရေအောက် ဥမင်တွေကို ဖြတ်သန်းသွားရတဲ့ အပိုင်းလည်းပါဝင်ပါတယ်။

ကျွန်းတုနဲ့ ရေအောက်ဥမင်ကို ဖြတ်သန်းသွားရတဲ့ တံတားလမ်းပိုင်းဟာ အရှည် ၄ မိုင်ကျော်ရှိပါတယ်။ ယခု တံတားကြီးကို တရုတ်နိုင်ငံက ၂၀၀၉ ခုနှစ်မှာ စတင်တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး အမေရိကန်ဒေါ်လာ ၂၀ ဘီလီယံ ကုန်ကျခဲ့ပါတယ်။ တံတားကြီးကို ရစ်(ခ်)တာစကေး ၈ အဆင့်ရှိတဲ့ ငလျင်၊ စူပါတိုင်ဖွန်းမုန်တိုင်းနဲ့ အလွန်ကြီးမားတဲ့ ပင်လယ်ကူး သင်္ဘောကြီးများ ဝင်တိုက်မှုကိုခံနိုင်ရည်ရှိရန် တည်ဆောက်ထားပြီး နှစ်ပေါင်း ၁၂၀ သက်တမ်းအထိ အသုံးပြုနိုင်မယ်လို့ တရုတ်အာဏာပိုင်တွေက မျှော်လင့်ထားပါတယ်။

ဆေးခြောက်သုံးခွင့်ပြုလိုက်တဲ့ ပထမဆုံး အရှေ့တောင်အာရှနိုင်ငံ

အရှေ့တောင်အာရှ နိုင်ငံတစ်နိုင်ငံဖြစ်တဲ့ ထိုင်းမှာ ဆေးခြောက်ကို ဆေးဘက်ဆိုင်ရာအတွက် တရားဝင်အသုံးပြုခွင့်ပေးလိုက်တဲ့ သတင်းကလည်း ဆေးခြောက်သုံးစွဲမှုနဲ့ လက်ဝယ်ပိုင်ဆိုင်မှုအတွက် ပြင်းထန်တဲ့ပြစ်ဒဏ်များ ချမှတ်နေတဲ့ အရှေ့တောင်အာရှ နိုင်ငံများကြား ထူးခြားခဲ့ပါတယ်။ ထိုင်းနိုင်ငံက ဆေးဘက်ဆိုင်ရာအတွက် ဆေးခြောက်သုံးစွဲမှုကို တရားဝင်ခွင့်ပြုပေးလိုက်တဲ့ ပထမဆုံး အရှေ့တောင်အာရှ နိုင်ငံလည်းဖြစ်လာခဲ့ပါတယ်။

(Photo: Reuters)

ထိုင်းနိုင်ငံ လွှတ်တော်က ဆေးဘက်ဆိုင်ရာအတွက် ဆေးခြောက်သုံးစွဲမှုကို တရားဝင်ခွင့်ပြုပေးနိုင်ရန် ၁၉၇၉ ခုနှစ် မူးယစ်ဆေးဝါအက်ဥပဒေပြင်ဆင်ချက်ကို ဒီဇင်ဘာ ၂၅ ရက်မှာ မဲခွဲဆုံးဖြတ် အတည်ပြုခဲ့ပါတယ်။ ဆေးခြောက်ကို အပန်းဖြေရန်အတွက် အသုံးပြုခြင်းကိုမူ တရားမဝင်ဘဲ ဥပဒေနဲ့ဆန့်ကျင်မှုအဖြစ် ဆက်လက် သတ်မှတ်ထားကြောင်းလည်း သိရပါတယ်။

ထိုင်းနိုင်ငံမှာ ၁၉၃၀ ပြည့်လွန်နှစ်များအတွင်း ဆေးခြောက်ကို တားမြစ်ပိတ်ပင်ခြင်းမပြုမီအထိ တိုင်းရင်းဆေးတစ်မျိုးအဖြစ် သုံးစွဲခဲ့ကြပါတယ်။ ဆေးဘက်ဆိုင်ရာအတွက် ဆေးခြောက်အသုံးပြမှုကို ခွင့်ပြုပေးလိုက်ခြင်းဟာ ထိုင်းပြည်သူတွေအတွက် နှစ်သစ်လက်ဆောင်ဖြစ်တယ်လို့လည်း လွှတ်တော်အမတ်တစ်ဦးက ပြောခဲ့ပါတယ်။

၄၁ ဆက်မြောက် အမေရိကန်သမ္မတ ဂျော့ဂျ်အိတ်ချ်ဒဗလျူဘုရှ် ကွယ်လွန်ခြင်း

အသက် ၉၄ နှစ်အွယ် အမေရိကန်သမ္မတဟောင်း ဂျော့ဂျ်အိတ်ချ်ဒဗလျူဘုရှ် နိုဝင်ဘာ ၃၀ ရက်မှာ ကွယ်လွန်ခဲ့တဲ့ သတင်းကလည်း ပရိသတ်ကြည့်ရှုမှုများတဲ့ သတင်းတစ်ခု ဖြစ်ခဲ့ပါတယ်။ ဂျော့ဂျ်အိတ်ချ်ဒဗလျူဘုရှ်ဟာ သမ္မတရော်နယ်ရေဂင်လက်ထက်မှာ ဒုတိယသမ္မတအဖြစ် သက်တမ်းနှစ်ကြိမ် ဆောင်ရွက်ခဲ့ပြီးနောက် ၁၉၈၉ ခုနှစ်မှ ၁၉၉၃ ခုနှစ်အထိ အမေရိကန်သမ္မတအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်ပါတယ်။

(၄၁ ဆက်မြောက် အမေရိကန်သမ္မတ ဂျော့ဂျ်အိတ်ချ်ဒဗလျူဘုရှ်) (Photo: AFP)

ထူးခြားတာကတော့ သူဟာ ကိုယ်တိုင်လည်း အမေရိကန်ရဲ့ ၄၁ ဆက်မြောက် သမ္မတဖြစ်ခဲ့သလို ၄၃ ဆက်မြောက် သမ္မတဖြစ်သူ ဂျော့ဂျ်ဒဗလျူဘုရှ်ရဲ့ ဖခင်လည်းဖြစ်ပါတယ်။ ဂျော့ဂ်ျအိတ်ချ်ဒဗလျူဘုရှ် တက္ကဆက်ပြည်နယ်မှာ ရေနံလုပ်ငန်း လုပ်ကိုင်ခဲ့ပြီး အသက် ၄၀ အရွယ်မှာ သန်းကြွယ်သူဌေးတစ်ဦး ဖြစ်လာခဲ့ကာ ၁၉၆၄ ခုနှစ်မှာ နိုင်ငံရေးနယ်ပယ်ကို ဝင်ရောက်ခဲ့ပါတယ်။

ဒုတိယကမ္ဘာစစ်အတွင်း ဂျပန်ကိုတိုက်ခိုက်ရာမှာ တိုက်လေယာဉ်မှုးအဖြစ် စစ်ဆင်ရေး ၅၈ ကြိမ် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ ၁၉၄၄ ခုနှစ် စက်တင်ဘာလမှာတော့ ဗုံးကြဲမှုစစ်ဆင်ရေးတစ်ခုအတွင်း ၎င်းရဲ့ လေယာဉ်ပစ်ချခံခဲ့ရပေမဲ့ လေထီးဖြင့်ခုန်ထွက်ကာ အသက်ရှင်လွတ်မြောက်ခဲ့ပါတယ်။ ဒုတိယကမ္ဘာစစ် ပြီးဆုံးသွားပြီး မကြာမီ ၁၉၄၅ ခုနှစ် ဇန်နဝါရီလမှာတော့ ဘာဘရာပီရက်စ်နဲ့ လက်ထပ်ခဲ့ပါတယ်။ သမ္မတဟောင်း ဂျော့ဂျ်အိတ်ချ်ဒဗလျူဘုရှ်မှာ သားသမီးငါးဦး၊ မြေး ၁၇ ဦးနဲ့ မြစ် ၈ ဦးရှိပါတယ်။

ကမ္ဘာ့အသက်အကြီးဆုံး တာဝန်ထမ်းဆောင်ဆဲ နိုင်ငံ့ခေါင်းဆောင်ပေါ်ထွက်လာမှု

မေလ ၉ ရက်နေ့က ကျင်းပပြုလုပ်ခဲ့တဲ့ မလေးရှားနိုင်ငံ အထွေထွေရွေးကောက်ပွဲမှာ အသက် ၉၂ နှစ်အရွယ် မဟာသီယာ မိုဟာမက်က အနိုင်ရခဲ့ပြီးနောက် လက်ရှိ တာဝန်ထမ်းဆောင်ဆဲ ကမ္ဘာ့အသက်အကြီးဆုံး နိုင်ငံ့ခေါင်းဆောင်အဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

(မလေးရှားဝန်ကြီးချုပ် မဟာသီယာ) (Photo: Getty Images)

မဟာသီယာဟာ ယခင်ကလည်း ၁၉၈၁ ခုနှစ်မှ ၂၀၀၃ ခုနှစ်အထိ မလေးရှားနိုင်ငံရဲ့ စတုတ္ထမြောက်ဝန်ကြီးချုပ် ဖြစ်ခဲ့ဖူးပါတယ်။ ယခုတစ်ကြိမ်မှာတော့ သတ္တမမြောက်ဝန်ကြီးချုပ်အဖြစ် နောက်တစ်ကြိမ် အာဏာပြန်ရလာခဲ့တာလည်း ဖြစ်ပါတယ်။ ရွေးကောက်ပွဲမှာ မဟာသီယာက တစ်ချိန်းက ၎င်းရဲ့တပည့်တစ်ဦးဖြစ်သူ အနီးကပ်ပြိုင်ဘက် နဂျစ်ရာဇက်ခ်ကို အနိုင်ရခဲ့ပါတယ်။

အစဉ်အဆက် ကားမောင်းခွင့်မရခဲ့တဲ့ ဆော်ဒီအမျိုးသမီးများ ကားမောင်းခွင့်ရ

ကမ္ဘာပေါ်မှာ အမျိုးသမီးများကို ကားမောင်းခွင့်ပိတ်ပင်ထားတဲ့ တစ်ခုတည်းသော နိုင်ငံဖြစ်တဲ့ ဆော်ဒီအာရေဗီးယားမှာ ဇွန်လ ၂၄ ရက်မှစပြီး အမျိုးသမီးများ ကားမောင်းခွင့်ရခဲ့တဲ့ သတင်းကလည်း ၂၀၁၈ မှာ ထူးခြားတဲ့သတင်းဖြစ်ပါတယ်။ ဆော်ဒီအာရေဗီးယားဘုရင် ဆဲလ်မန်း ဘင်အဗ္ဗဒူလာဇစ်က အမျိုးသမီးများ ကားမောင်းခွင့်ပြုတဲ့ အမိန့်တစ်ရပ်ကို ၂၀၁၇ ခုနှစ်အတွင်း ပထမဆုံးအကြိမ် ထုတ်ပြန်လိုက်ပြီး ထိုအမိန့်အရ ၂၀၁၈ ခုနှစ် ဇွန်လ ၂၄ ရက်မှစပြီး ဆော်ဒီအမျိုးသမီးတွေ ကားမောင်းခွင့်ရခဲ့ပါတယ်။

(Photo: AFP)

အမျိုးသားများကိုသာ ကားမောင်းလိုင်စင် ထုတ်ပေးခြင်းဖြစ်ပြီး အမျိုးသမီးများ ကားမောင်းခြင်းကို တွေ့ရှိပါက ဖမ်းဆီးဒဏ်ရိုက်ခံရကြောင်း သိရပါတယ်။ အဆိုပါ ဥပဒေကြောင့် ဆော်ဒီမိသားစုတွေဟာ မိသားစုဝင် အမျိုးသမီးများကို ပို့ဆောင်ပေးရန်အတွက် ယာဉ်မောင်းများ ခန့်ထားခဲ့ကြရပါတယ်။ ဆော်ဒီရှိ လူ့အခွင့်အရေးအုပ်စုတွေက အမျိုးသမီးတွေကို ကားမောင်းခွင့်ပေးရန် နှစ်အတန်ကြာ လှုံ့ဆော်တောင်းဆိုခဲ့ကြပြီး အမျိုးသမီးအချို့ဟာ ဥပဒေချိုးဖောက်မှုဖြင့် ထောင်ဒဏ်ကျခံခဲ့ရတယ်လို့ ဆိုပါတယ်။

ထိတ်လန့်တုန်လှုပ်ခဲ့ရတဲ့ သဘာဝဘေးအန္တရာယ်များ

၂၀၁၈ ခုနှစ်အတွင်း သဘာဝဘေးအန္တရာယ် ဖြစ်ပေါ်ခဲ့တဲ့ သတင်းတွေကလည်း ပရိသတ်တွေ ထိတ်လန့်တုန်လှုပ်မှုနဲ့အတူ စိတ်ဝင်စားခဲ့ကြပါတယ်။ ဇွန် ၃ ရက်နေ့က ဂွာတီမာလာမှာ မီးတောင်ပေါက်ကွဲမှုဖြစ်ပြီး အနီးအနားရှိ ကျေးရွာတွေကို ပြာမှုန်များ၊ ရွှံ့နွံနဲ့ ကျောက်တုံးများ ဖုံးလွှမ်းသွားခဲ့ပါတယ်။ ၁၆ နာရီကြာတဲ့ အဆိုပါ မီးတောင်ပေါက်ကွဲမှုအတွင်း လူ ၇၀ ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။

သြဂုတ်လအတွင်း အိန္ဒိယတောင်ပိုင်း ကီရာလာပြည်နယ်မှာ ရေကြီးမှုတွေ ဆိုးရွားစွာဖြစ်ပေါ်ခဲ့မှုကြောင့် လူ ၄၈၀ ကျော် သေဆုံးခဲ့ပြီး ထိုပြည်နယ်မှာ ရာစုနှစ်တစ်ခုအတွင်း အလားတူ ရေကြီးမှုတွေအနက် အဆိုးရွားဆုံးဖြစ်ခဲ့ပါတယ်။


(ဂွာတီမာလာမှာ မီးတောင်ပေါက်ကွဲခဲ့မှု) (Photo: Provial Ministerio de Comunicaciones © Facebook)

ဂျပန်နိုင်ငံ အနောက်ပိုင်းဒေသတွေမှာ ဇူလိုင်လအစောပိုင်းက စံချိန်တင် မိုးရွာသွန်းမှုကြောင့် ရေကြီးမှုနဲ့ မြေပြိုမှုတွေ ကြုံခဲ့ရပြီး လူ ၂၂၀ ဝန်းကျင် သေဆုံးခဲ့ပါတယ်။ ထိုဖြစ်ရပ်ဟာ ဆယ်စုနှစ်များအတွင်း ဂျပန်နိုင်ငံမှာ ကြုံတွေ့ခဲ့ရတဲ့ ရာသီဥတုနဲ့ဆက်နွယ်နေတဲ့ အဆိုးရွားဆုံး ဘေးအန္တရာယ်လည်း ဖြစ်ခဲ့ပါတယ်။ ဒါ့အပြင် ဇူလိုင်လအတွင်းမှာပင် အပူလှိုင်းဖြတ်သန်းမှုကြောင့် မကြုံစဖူး အပူချိန်မြင့်တက်မှုကြောင့်လည်း ဂျပန်မှာ လူ ၈၀ ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။

စက်တင်ဘာ ၂၈ ရက်နေ့က အင်ဒိုနီးရှားနိုင်ငံ ဆူလာဝေစီကျွန်းမှာ ရစ်(ခ်)တာစကေး ၇.၄ အဆင့်ရှိ အင်အားပြင်းထန်တဲ့ ငလျင်ကြီးလှုပ်ခတ်ပြီးနောက် ဆူနာမီရေလှိုင်းများ တက်ရောက်ခဲ့မှုကြောင့် လူ ၂,၁၀၀ သေဆုံးပြီး ၄,၆၀၀ ကျော် ဒဏ်ရာရခဲ့ပါတယ်။ ဆူနာမီကြောင့် နေအိမ် ၆၈,၄၅၀ ကျော် ပျက်စီးခဲ့ပြီး လူ ၆၈၀ ဝန်းကျင် ပျောက်ဆုံးနေဆဲဖြစ်ပါတယ်။ နိုဝင်ဘာ ၈ ရက်မှာ စတင်လောင်ကျွမ်းခဲ့တဲ့ အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ် တောမီးကြောင့် လူ ၈၈ ဦး သေဆုံးခဲ့ပြီး အဆောက်အအုံ ၂၀,၀၀၀ ကျော် ပျက်စီးခဲ့ပါတယ်။

ဒီဇင်ဘာ ၂၂ ရက် ညပိုင်းက အင်ဒိုနီးရှားနိုင်ငံမှာ မီးတောင်ပေါက်ကွဲပြီးနောက် ဆူမာတြားကျွန်းနဲ့ ဂျာဗားကျွန်းကြား ဆန်ဒါရေလက်ကြားအနီး ကမ်းရိုးတန်းဒေသတွေမှာ ဆူနာမီရေလှိုင်းများ တက်ရောက်ခဲ့မှုကြောင့် ဒီဇင်ဘာ ၂၆ ရက်အထိ စာရင်းတွေအရ လူ ၄၃၀ သေဆုံးပြီး ၁,၄၅၉ ဦး ဒဏ်ရာရခဲ့ပါတယ်။ ဒါ့အပြင် နောက်ထပ် လူ ၁၅၉ ဦး ပျောက်ဆုံးနေပါတယ်။

နှစ်ပေါင်း ၅၀ အတွင်း ပါရီမြို့မှ အဆိုးဆုံး လူထုအုံကြွမှု

ပြင်သစ်နိုင်ငံတစ်ဝန်းမှာ အစိုးရက လောင်စာအခွန်အခများ တိုးမြှင့်မယ့်အစီအစဉ်ကို ကန့်ကွက်ဆန္ဒပြရာမှ ဆူပူအုံကြွမှုတွေ ပေါ်ပေါက်ခဲ့ပါတယ်။ ပါရီမြို့တော်မှာလည်း ဆူပူအုံကြွမှုတွေ ပေါ်ပေါက်ခဲ့ပြီး ၁၉၆၈ ခုနှစ် မေလနောက်ပိုင်း အဆိုးဆုံး လူထုအုံကြွမှု ဖြစ်လာခဲ့ပါတယ်။ Yellow Vest လှုပ်ရှားမှုလို့ အမည်ပေးထားတဲ့ ဆူပူအုံကြွ ဆန္ဒပြမှုများအတွင်း ဒဏ်ရာရသူနဲ့ ဖမ်းဆီးခံရသူ ထောင်နဲ့ချီရှိခဲ့ပါတယ်။

(Photo: Reuters)

မူလက လောင်စာအခွန် တိုးမြှင့်မယ့်အစီအစဉ်ကို ကန့်ကွက်ဆန္ဒပြရာမှ နောက်ပိုင်းမှာတော့ နေထိုင်မှုစရိတ်မြင့်မားလာမှု အပါအဝင် အခြား စီးပွားရေးကိစ္စတွေပါ ပါဝင်လာခဲ့ပြီး ဆူပူအုံကြွမှုတွေ ပေါ်ပေါက်ခဲ့ပါတယ်။ ထိုသို့ ဆူပူအုံကြွမှုတွေ ပေါ်ပေါက်လာခဲ့မှုကြောင့် လောစာအခွန်အခ တိုးမြှင့်မယ့်အစီအစဉ်ကို ဆိုင်းငံ့ထားလိုက်တယ်လို့ ဆိုပါတယ်။

Ref: AFP, Reuters, BBC, CNN

Share

Loading Next Article...
က္က