ဥရောပနိုင်ငံတွေမှာ ကူးစက်မှုများ သိသိသာသာ မြင့်တက်နေခဲ့ပြီး ပိတ်ပင်ကန့်သတ်ချက်အသစ်တွေ သတ်မှတ်ဆောင်ရွက်နေရပါတယ်။

ကမ္ဘာတစ်ဝန်း COVID-19 ကူးစက်ခံရသူ အရေအတွက်ဟာ ယနေ့ (အောက်တိုဘာ ၂၈ ရက်) မှာ ၄၄ သန်းကျော်လွန်လာခဲ့ကြောင်း ကမ္ဘာ့နိုင်ငံအသီးသီးရဲ့ COVID-19 ဖြစ်ပွားမှုအခြေအနေ ကိန်းဂဏန်းတွေကို အချိန်နဲ့တစ်ပြေးညီ ဖော်ပြနေတဲ့ Worldometers ဝက်ဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။ 

(Image: Worldometers webpage screengrab)

ယမန်နှစ် ဒီဇင်ဘာလကုန်က တရုတ်နိုင်ငံအလယ်ပိုင်း ဟူဘေးပြည်နယ် ဝူဟန်မြို့မှာ စတင်တွေ့ရှိခဲ့ရတဲ့ COVID-19 ဟာ ၁၀ လအတွင်း ကမ္ဘာတစ်ဝန်း လူဦးရေ ၄၄ သန်းကျော်ကို လျင်မြန်စွာ ကူးစက်သွားခဲ့ပါတယ်။ လက်ရှိအချိန်အထိ COVID-19 ကြောင့် ကမ္ဘာတစ်ဝန်းမှာ လူဦးရေ ၁.၁ သန်းကျော် (၁,၁၇၂,၁၃၆ ဦး) သေဆုံးခဲ့ပြီး ၃၂.၅ သန်းကျော်ကတော့ ပြန်လည်သက်သာခဲ့ပါတယ်။



တစ်ကမ္ဘာလုံးမှာ COVID-19 ကူးစက်မှုဟာ ပြီးခဲ့တဲ့ အောက်တိုဘာ ၂၅ ရက်နေ့မှာ ၄၃ သန်းကျော်လွန်ခဲ့တာဖြစ်ပြီး ၃ ရက်ကျော်အတွင်း နောက်ထပ် ကူးစက်ခံရသူ ၁ သန်းကျော် တိုးလာခဲ့ပါတယ်။ COVID-19 ကြောင့် သေဆုံးသူအရေအတွက်ကတော့ အောက်တိုဘာ ၂၃ ရက်နေ့မှာ ၁,၁၅၆,၂၆၈ ဦးမှ ၃ ရက်မပြည့်မီအတွင်း ၁၅,၈၀၀ ကျော် တိုးလာခဲ့တာ တွေ့ရပါတယ်။

(Photo: AP)

Worldometers ကိန်းဂဏန်းတွေအရ တစ်ကမ္ဘာလုံးမှာ ကူးစက်ခံရသူ ၄၄ သန်းကျော်အနက် ၁၀.၆ သန်းကျော်ဟာ COVID-19 လူနာအဖြစ် ကုသမှုခံယူနေရဆဲ အခြေအနေလည်း ဖြစ်ပါတယ်။ ကမ္ဘာတစ်ဝန်းမှာ အမေရိကန်က ကူးစက်မှုနဲ့ သေဆုံးမှု အများဆုံးနိုင်ငံဖြစ်ပြီး လက်ရှိအချိန်အထိ လူဦးရေ ၉ သန်းကျော် ကူးစက်ခံထားရပြီး သေဆုံးသူ ၂၃၂,၀၀၀ ကျော်ရှိခဲ့ပါတယ်။ အမေရိကန်မှာ အောက်တိုဘာ ၂၄ ရက် ထုတ်ပြန်ချက်အရ ၂၄ နာရီအတွင်း ကူးစက်ခံသူ နောက်ထပ် ၈၈,၉၇၃ ဦး တိုးလာခဲ့ပြီး နေ့အလိုက်ကူးစက်မှု အမြင့်ဆုံးစံချိန်သစ်ထပ်တင်ခဲ့ပါတယ်။

ကူးစက်မှုနဲ့ သေဆုံးမှု ဒုတိယအများဆုံးဖြစ်တဲ့ တောင်အာရှဒေသမှ အိန္ဒိယနိုင်ငံမှာ ကူးစက်မှုတွေ နေ့စဥ် သောင်းဂဏန်းအရေအတွက် တိုးလာနေဆဲဖြစ်ရာ ယခုအခါ COVID-19 ကူးစက်ခံရသူ ၈ သန်းပြည့်တော့မှာဖြစ်ပြီး သေဆုံးသူဦးရေ ၁၂၀,၀၀၀ ကျော်ပြီဖြစ်ပါတယ်။ အိန္ဒိယမှာ ကူးစက်မှုတွေ နေ့စဥ် သောင်းဂဏန်းအရေအတွက် တိုးလာနေပေမဲ့ ကူးစက်မှုနှုန်းကျဆင်းမယ့်ဘက်ကို ဦးတည်‌နေတယ်လို့ ဆိုပါတယ်။

(Photo: AFP)

အောက်တိုဘာ ၂၇ ရက် ထုတ်ပြန်မှုအရ အိန္ဒိယမှာ တစ်ရက်အတွင်း COVID-19 ကူးစက်ခံရသူ ၃၆,၄၇၀ ဦး တိုးလာခဲ့ပြီး သုံးလကျော်အတွင်း နေ့အလိုက် ကူးစက်မှုအသစ် အနည်းဆုံးဖြစ်လာခဲ့ပါတယ်။ အိန္ဒိယအာဏာပိုင်တွေကတော့ နိုင်ငံရဲ့ တတိယအကြီးဆုံးပြည်နယ်ဖြစ်တဲ့ ဘီဟာပြည်နယ်မှာ ယနေ့ (အောက်တိုဘာ ၂၈ ရက်) မှစပြီး ပြည်နယ်ရွေးကောက်ပွဲတွေ ကျင်းပပြုလုပ်မှုနဲ့ ဘာသာရေးပွဲ စုရုံးမှုတွေကနေ ကူးစက်မှုများ မြင့်တက်လာနိုင်မှုကို စိုးရိမ်ပူပန်နေပါတယ်။

တစ်ကမ္ဘာလုံးမှာ တတိယမြောက် ကူးစက်မှုအများဆုံးဖြစ်တဲ့ ဘရာဇီးနိုင်ငံမှာလည်း ကူးစက်ခံရသူ စုစုပေါင်း ၅.၄ သန်းကျော်လွန်လာခဲ့ပြီးနဲ့ သေဆုံးသူ ၁၅၇,၀၀၀ ကျော်ရှိလာခဲ့ပါတယ်။ ထိုအတောအတွင်း ဥရောပနိုင်ငံတွေမှာ ကူးစက်မှုများ သိသိသာသာ မြင့်တက်နေခဲ့ပြီး ပိတ်ပင်ကန့်သတ်ချက်အသစ်တွေ သတ်မှတ်ဆောင်ရွက်နေရာ ကန့်ကွက်ဆန္ဒပြမှုများလည်း ပေါ်ပေါက်နေခဲ့ကြောင်းလည်း သိရပါတယ်။

(Photo: Getty Images)

ဥရောပနိုင်ငံတွေဖြစ်တဲ့ ပြင်သစ်၊ အိုင်ယာလန်၊ ချက်ရီပတ်ဘလစ်၊ ဆလိုဗက်ကီးယား၊ ဂရိ၊ ဂျာမနီ၊ ဗြိတိန်၊ အီတလီ၊ စပိန်၊ ဘယ်လ်ဂျီယံ၊ နယ်သာလန်တို့မှာလည်း လတ်တလော COVID-19 ကူးစက်မှုတွေ သိသိသာသာ မြင့်တက်ဖြစ်ပွားနေပြီး ပိတ်ပင်ကန့်သတ်ချက်အသစ်များ သတ်မှတ်ထုတ်ပြန်ကာ ထိန်းချုပ်နိုင်ရေး လုပ်ဆောင်နေရပါတယ်။

ပြင်သစ်နိုင်ငံမှာ ယခင်က ပါရီမြို့အပါအဝင် မြို့ ၉ ခုကို ညမထွက်ရအမိန့်ထုတ်ထားခဲ့ရာမှ ယခုအခါ နောက်ထပ်နေရာ ၄၀ ခန့်ကိုလည်း ညမထွက်ရအမိန့် တိုးချဲ့ထုတ်ပြန်ထားပြီး အောက်တိုဘာ ၂၃ ရက်ဒေသစံတော်ချိန် ညသန်းခေါင်မှာ စတင်သက်ရောက်ခဲ့ပါတယ်။ ပြင်သစ်နိုင်ငံမှာ COVID-19 ကပ်ရောဂါဖြစ်စေတဲ့ ကိုရိုနာဗိုင်းရပ်စ် (SARS-CoV-2) ကူးစက်မှုတွေဟာ အနည်းဆုံး လာမယ့် ၂၀၂၁ နှစ် နှစ်လယ်ပိုင်း နွေရာသီကာလအထိ ဆက်ရှိနေနိုင်ပြီး ကူးစက်မှုထိန်းချုပ်တိုက်ဖျက်ရေး လုပ်ဆောင်နေရလိမ့်မယ်လို့ သမ္မတအီမန်နျူရယ်မက်ခရွန်က အောက်တိုဘာ ၂၃ ရက်မှာ ပြောခဲ့ပါတယ်။

(Photo: IPA/SplashNews)

အီတလီနိုင်ငံတစ်ဝန်း မြို့ကြီးတွေမှာတော့ COVID-19 ကူးစက်မှု ထိန်းချုပ်တိုက်ဖျက်ရေး စည်းမျဥ်းကန့်သတ်ချက်တွေကို ကန့်ကွက်ဆန္ဒပြနေခဲ့ကြပြီး နောက်ထပ် ဆန္ဒပြမှုတွေ ပိုမိုပေါ်ပေါက်လာနိုင်တယ်လို့ ဆိုပါတယ်။ အီတလီမှာ COVID-19 ကူးစက်မှုထိန်းချုပ်ရန် အစိုးရက နယ်မြေဒေသအလိုက် ညမထွက်ရအမိန့်ထုတ်ခြင်း၊ ဘားဆိုင်တွေနဲ့ စားသောက်ဆိုင်တွေကို ညနေပိုင်းမှာ ပိတ်ခိုင်းခြင်းနဲ့ ကိုယ်ကာယလေ့ကျင့်ရေးစင်တာများ၊ ရေကူးကန်များနဲ့ ရုပ်ရှင်ရုံများ ပိတ်ထားခြင်း အပါအဝင် အစီအမံတွေ သတ်မှတ်ဆောင်ရွက်ခဲ့ပါတယ်။

ထို့အတူ ဗြိတိန်မှာလည်း ကူးစက်မှုထိန်းချုပ်ရေး ပိတ်ပင်ကန့်သတ်ချက်အသစ်များ ထုတ်ပြန်ဆောင်ရွက်နေပါတယ်။ ကူးစက်မှုတွေ လျင်မြန်သိသာစွာ မြင့်တက်နေခဲ့တဲ့ စပိန်မှာလည်း ကူးစက်မှုထိန်းချုပ်ရေး တစ်နိုင်ငံလုံးကို COVID-19 အရေးပေါ်အခြေအနေနဲ့ ကန်နရီကျွန်းစု (Canary Islands) ကလွဲပြီး နေရားအားလုံးမှာ ညမထွက်ရအမိန့်များ ထုတ်ပြန်ကြေညာလိုက်ပါတယ်။ ဘယ်လ်ဂျီယံနိုင်ငံမှာ COVID-19 ကူးစက်မှုအသစ် ဆူနာမီလှိုင်းကို ရင်ဆိုင်နေရကြောင်း ကျန်းမာရေးဝန်ကြီးက သတိပေးထားခဲ့ပါတယ်။

(Photo: Reuters)

ထိုအတောအတွင်း ဩစတြေးလျနိုင်ငံမှာတော့ တစ်ကျော့ပြန် ကူးစက်မှုတွေ မြင့်တက်ဖြစ်ပွားခဲ့တဲ့ ဗစ်တိုးရီးယားပြည်နယ်မှာ နေ့အလိုက် ကူးစက်မှုအသစ် မတွေ့ရတော့ဘဲ အာဏာပိုင်တွေက ပြည်နယ်မြို့တော် မဲလ်ဘုန်းမြို့မှာ lockdown စီမံဆောင်ရွက်နေမှုများ ရုပ်သိမ်းလိုက်ကြောင်း သိရပါတယ်။ ဟောင်ကောင်မှာလည်း ကူးစက်မှုထိန်းချုပ်နိုင်ခဲ့ပြီးနောက် ဘားဆိုင်များ၊ စားသောက်ဆိုင်များနဲ့ ကမ်းခြေတွေကို ပြန်ဖွင့်ခွင့်ပြုခဲ့ပါတယ်။

COVID-19 စတင်တွေ့ရှိခဲ့တဲ့ တရုတ်မှာတော့ အနောက်မြောက်ဘက်စွန်းရှိ ရှီဂျီအန်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ရှီဂျီအန်းပြည်နယ်အတွင်း ပြည်တွင်းကူးစက်မှုများ ပြန်တွေ့လာရတာကြောင့် ထိုနယ်မြေရှိ ကက်ရှ်ဂါမြို့နဲ့ ပတ်ဝန်းကျင်မှာ နေထိုင်ကြသူ ၅ သန်းနီးပါး (၄.၇၅ သန်း) ကို ဗိုင်းရပ်စ်စစ်ဆေးမှုတွေ လုပ်ဆောင်နေခဲ့ပါတယ်။ အောက်တိုဘာ ၂၈ ရက် ထုတ်ပြန်မှုအရ တရုတ်မှာ ကူးစက်မှုအသစ် ၄၂ ခု တွေ့ရှိရပြီး ၂ လအတွင်း အမြင့်ဆုံးဖြစ်ကြောင်းလည်း သိရပါတယ်။

(Photo: AP)

ကမ္ဘာလုံးအတိုင်းအတာအရ COVID-19 ကူးစက်မှုတွေဟာ နှေးကွေးလျော့သွားခြင်း မရှိသေးဘဲ ပုံမှန်အားဖြင့် ၃ ရက်နဲ့ ၄ ရက်အတွင်း ၁ သန်းကျော် တိုးလာနေပြီး သေဆုံးမှုကလည်း တရိပ်ရပ် မြင့်တက်လာနေဆဲ ဖြစ်ပါတယ်။ အရှေ့တောင်အာရှမှာလည်း COVID-19 ကူးစက်မှုနဲ့ သေဆုံးမှုများ နေ့စဥ် တရိပ်ရိပ်တိုးလာနေဆဲ ဖြစ်ပါတယ်။

လတ်တလော သီတင်းပတ်များအတွင်း အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ မလေးရှားနဲ့ မြန်မာနိုင်ငံတို့မှာ COVID-19 ကူးစက်မှုတွေ နေ့စဥ် အများအပြား တိုးလာနေဆဲ ဖြစ်ပါတယ်။ အရှေ့တောင်အာရှမှာ အင်ဒိုနီးရှားက COVID-19 ကူးစက်မှုနဲ့ သေဆုံးမှုအများဆုံး နိုင်ငံဖြစ်ကြောင်း သိရပါတယ်။

မြန်မာနိုင်ငံမှာတော့ ဩဂုတ်လလယ်မှစပြီး ကူးစက်မှုနဲ့ သေဆုံးမှုတွေ သိသာစွာ ဆက်တိုက်မြင့်တက်နေခဲ့ရာ ယခုအခါ အရှေ့တောင်အာရှဒေသတွင်း စတုတ္တမြောက် ကူးစက်မှုအများဆုံးနဲ့ တတိယမြောက် သေဆုံးမှုအများဆုံး နိုင်ငံဖြစ်ပါတယ်။ ကျန်းမာရေးနဲ့အားကစား ဝန်ကြီးဌာနက အောက်တိုဘာ ၂၇ ရက် ည ၈ နာရီအချိန်အထိ ထုတ်ပြန်မှုအရ COVID-19 အတည်ပြုလူနာ ၁,၄၆၆ ဦးနဲ့ သေဆုံးသူ ၂၅ ဦး တိုးလာခဲ့ပါတယ်။ လက်ရှိအချိန်အထိ မြန်မာနိုင်ငံမှာ COVID-19 အတည်ပြုလူနာ စုစုပေါင်း ၄၇,၆၆၆ ဦး၊ သေဆုံးသူ ၁,၁၄၇ ဦး၊ ပြန်လည်သက်သာပြီး ဆေးရုံမှဆင်းခွင့်ရသူ ၂၇,၃၇၃ ဦးနဲ့ ကုသနေရဆဲ ၁၉,၁၄၆ ဦးရှိကြောင်း သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က