နိုင်ငံကို အထိတ်တလန့်မဖြစ်စေရန် ထုတ်ဖော်မပြောခဲ့ခြင်းဖြစ်တယ်လို့ ဆိုပါတယ်။

ဗြိတိန်တော်ဝင်မင်းသားနဲ့ ကိန်းဘရစ်ချ်မြို့စား ဝီလျံဟာ ယခုနှစ်အစောပိုင်းမှာ COVID-19 ကူးစက်ခံခဲ့ရကြောင်း ကင်စင်တန်နန်းတော် သတင်းရင်းမြစ်တွေကို ကိုးကားပြီး ဗြိတိန်မီဒီယာတွေက နိုဝင်ဘာ ၁ ရက်နေ့မှာ ဖော်ပြကြပါတယ်။

(မင်းသားဝီလျံနှင့် ဇနီး) (Photo: Getty Images)

မင်းသားဝီလျံဟာ ဧပြီလအတွင်း ကူးစက်ခံခဲ့ရတယ်လို့ ယုံကြည်ရတယ်လို့ BBC သတင်းက ပြောပါတယ်။ ၎င်းရဲ့ဖခင် အသက် ၇၁ နှစ်အရွယ် ဝေးလ်မင်းသား ချားလ်စ်ဟာလည်း မတ်လနှောင်းပိုင်းမှာ COVID-19 ကူးစက်ခံခဲ့ရပါတယ်။ အသက် ၃၈ နှစ်အရွယ် မင်းသားဝီလျံ COVID-19 ကူးစက်ခံရတဲ့သတင်းကို The Sun သတင်းစာက ပထမဆုံး ဖော်ပြခဲ့တာဖြစ်ပြီး နိုင်ငံကို အထိတ်တလန့်မဖြစ်စေရန် ထုတ်ဖော်မပြောခဲ့ခြင်းဖြစ်တယ်လို့ ဆိုပါတယ်။



ယခုသတင်းနဲ့ ပတ်သက်ပြီး တော်ဝင်မင်းသားဝီလျံရဲ့ ရုံးခန်းနဲ့ နေအိမ်ဖြစ်တဲ့ ကင်စင်တန်နန်းတော်ကတော့ တရားဝင် မှတ်ချက်ပေးရန် ငြင်းဆန်ခဲ့ပါတယ်။ ဗြိတိန်ထီးနန်းကိုဆက်ခံရန် ဒုတိယနေရာမှာရှိတဲ့ မင်းသားဝီလျံက ဆက်လုပ်စရာ အရေးကြီးကိစ္စတွေရှိပြီး မည်သူ့ကိုမှ စိုးရိမ်ပူပန်မှု မဖြစ်စေလိုတာကြောင့် ရောဂါကူးစက်ခံရကြောင်း ထုတ်မပြောခဲ့ဖူးလို့ ဆိုပါတယ်။

(မင်းသားဝီလျံမိသားစု) (Photo: Getty Images)

မင်းသားဝီလျံကို နန်းတော် ဆရာဝန်များက ကုသပေးခဲ့ပြီး အစိုးရက ထုတ်ပြန်ထားတဲ့ စည်းမျဥ်းစည်းကမ်းများအတိုင်း Norfolk အရပ်ရှိ မိသားစုနေအိမ် Anmer Hall မှာ သီးခြားခွဲ နေထိုင်ခဲ့ကြောင်း The Sun က ဖော်ပြပါတယ်။ မင်းသားဝီလျံက ဧပြီလအတွင်း ဖုန်းဆက်သွယ်မှုနဲ့ ဗီဒီယိုကောလ်ခေါ်ဆိုမှု ၁၄ ကြိမ်ရှိခဲ့တယ်လို့ ဆိုပါတယ်။ မင်းသားဝီလျံဟာ COVID-19 လက္ခဏာ အတော်ပြင်းထန်ခဲ့ပြီး ခြောက်ရက်ကြာခဲ့ကြောင်း၊ အသက်ရှူကျပ်ခဲ့ပြီး ၎င်းရဲ့အနီးရှိနေသူတွေ အတော်ထိတ်လန့်ခဲ့ရကြောင်းလည်း နန်းတော်သတင်းရင်းမြစ်တစ်ခုက The Sun ကို ပြောခဲ့ပါတယ်။

(ဝီလျံရဲ့ဖခင် ဝေးလ်မင်းသား ချားလ်စ်) (Photo: Getty Images)

ဗြိတိန်မှာ ဝန်ကြီးချုပ်ဘောရစ်ဂျွန်ဆင်လည်း COVID-19 ကူးစက်ခံခဲ့ရပြီး ဆေးရုံတက်ခဲ့ရကာ အထူးကြပ်မတ်ကုသဆောင်မှာ ကုသမှုခံယူခဲ့ရဖူးကြောင်း သိရပါတယ်။  ဗြိတိန်နိုင်ငံဟာ လတ်တလောမှာ COVID-19 ကူးစက်မှုတွေ တစ်ကျော့ပြန် မြင့်တက်နေပြီး ယခုအခါ ကူးစက်ခံရသူ ၁ သန်းကျော်နဲ့ သေဆုံးသူ ၄၆,၀၀၀ ကျော်ရှိပြီ ဖြစ်ပါတယ်။

လတ်တလောမှာ ဥရောပတစ်လွှား ကူးစက်မှုတွေ သိသိသာသာ မြင့်တက်နေခဲ့ရာ ပြီးခဲ့တဲ့ သီတင်းပတ် ငါးပတ်အတွင်း ကူးစက်မှုအသစ် နှစ်ဆဖြစ်လာခဲ့ကြောင်း Reuters စာရင်းအရ သိရှိရပါတယ်။ ဥရောပဒေသရှိ စပိန်၊ ပြင်သစ်၊ ဂျာမနီ၊ အီတလီဗြိတိန်၊ ဘယ်လ်ဂျီယံ အပါအဝင် နိုင်ငံအများအပြားမှာ လနဲ့ချီကြာမြင့်မယ့် lockdown စီမံဆောင်ရွက်မှုများ၊ အရေးပေါ်အခြေအနေများ၊ ညမထွက်ရအမိန့်များကဲ့သို့ စည်းမျဥ်းကန့်သတ်ချက်တွေ ထုတ်ပြန်ကြေညာပြီး ကူးစက်မှုထိန်းချုပ်ရေး ကြိုးပမ်းနေကြပါတယ်။


Share

Loading Next Article...
က္က