ကာကွယ်ဆေးပေါ်လာခြင်းက COVID-19 တိုက်ဖျက်ရေးမှာ အကူအညီဖြစ်စေမယ်လို့ မျှော်လင့်ထားကြပါတယ်။
Ko John

လက်ရှိအချိန်အထိ ကမ္ဘာတစ်ဝန်း လူဦးရေ ၅၅ သန်းကျော်ကို ကူးစက်ခဲ့ပြီး သေဆုံးသူဦးရေ ၁.၃ သန်းကျော်ပြီဖြစ်တဲ့ COVID-19 ကူးစက်မြန်ကပ်ရောဂါ တိုက်ဖျက်ရေးအတွက် ကာကွယ်ဆေးပေါ်လာခြင်းက အကူအညီဖြစ်စေမယ်လို့ မျှော်လင့်ထားကြပါတယ်။

ကမ္ဘာတစ်ဝန်းမှ ဆေးဝါးထုတ်လုပ်ရေးကုမ္ပဏီတွေနဲ့ သုတေသနဌာနတွေကလည်း ဘေးကင်စိတ်ချရပြီး COVID-19 မဖြစ်စေရန် ကာကွယ်ပေးနိုင်တဲ့ ကာကွယ်ဆေးတစ်ခုရရှိရေး အားထုတ်ကြိုးပမ်းနေကြပါတယ်။ လူဦးရေ ထောင်သောင်းချီပါဝင်စမ်းသပ်ခံကြတဲ့ ကာကွယ်ဆေးစမ်းသပ်မှုတွေကိုလည်း ကမ္ဘာတစ်ဝန်းမှာ လုပ်ဆောင်နေကြပါတယ်။ လတ်တလော သီတင်းပတ်များအတွင်း အလားအလာကောင်းတဲ့ ကာကွယ်ဆေးအချို့ရဲ့ နောက်ဆုံးအဆင့်စမ်းသပ်မှု ရလဒ်အချို့ ထွက်ပေါ်လာနေပြီး COVID-19 တိုက်ဖျက်ရေး မျှော်လင့်ချက်များရှိလာပြီလို့ ဆိုနိုင်ပါတယ်။

အမေရိကန်ကာကွယ်ဆေး

အမေရိကန်အခြေစိုက် Moderna Inc. ဆေးဝါးထုတ်လုပ်ရေးကုမ္ပဏီရဲ့ ကာကွယ်ဆေးက နောက်ဆုံးအဆင့်စမ်းသပ်မှု ကြားဖြတ်ရလဒ်တွေအရ COVID-19 ကို ၉၄.၅ ရာခိုင်နှုန်း ကာကွယ်ပေးနိုင်ကြောင်း ထုတ်ပြန်ကြေညာထားပါတယ်။ Moderna ကာကွယ်ဆေး နောက်ဆုံးအဆင့် စမ်းသပ်မှုတွေကို လူဦးရေ ၃၀,၀၀၀ နဲ့ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

ထို့အတူ အမေရိကန်အခြေစိုက် ဆေးဝါးထုတ်လုပ်ရေးကုမ္ပဏီ Pfizer နဲ့ ဂျာမနီ ဇီဝနည်းပညာကုမ္ပဏီ BioNTech တို့ ပူးပေါင်းထုတ်လုပ်တဲ့ ကာကွယ်ဆေးကလည်း COVID-19 ကို ၉၀ ရာခိုင်နှုန်းကျော် ကာကွယ်ပေးနိုင်ကြောင်း ကနဦးရလဒ် ထုတ်ပြန်ထားခဲ့ပါတယ်။ Pfizer နဲ့ BioNTech တို့ရဲ့ COVID-19 ကာကွယ်ဆေး နောက်ဆုံးအဆင့် စမ်းသပ်မှုတွေကို အမေရိကန်၊ ဂျာမနီ၊ ဘရာဇီး၊ အာဂျင်တီးနား၊ တောင်အာဖရိကနဲ့ တူရကီ နိုင်ငံတွေမှာ ပြုလုပ်ခဲ့ပြီး လူဦးရေ ၄၄,၀၀၀ နီးပါး ပါဝင်စမ်းသပ်ခံခဲ့ကြပါတယ်။

Moderna နဲ့ Pfizer တို့ရဲ့ ကာကွယ်ဆေးနှစ်မျိုးလုံးဟာ messenger RNA သို့မဟုတ် mRNA လို့ သိထားကြတဲ့ နည်းပညာသစ်ကို အသုံးပြုထားပြီး COVID-19 ကို ထိထိရောက်ရောက် တိုက်ဖျက်နိုင်မယ်လို့ ဆိုပါတယ်။ Moderna နဲ့ Pfizer တို့ရဲ့ ကာကွယ်ဆေးတွေကို အမေရိကန်မှာ ဒီဇင်ဘာလအတွင်း အရေးပေါ်သုံးအဖြစ် ခွင့်ပြုချက်ရရှိလာနိုင်ပါတယ်။

Pfizer က ယခုနှစ်ကုန်မှာ ၎င်းတို့ရဲ့ ကာကွယ်ဆေးကို အရေအတွက် သန်း ၅၀ နဲ့ ၂၀၂၁ ခုနှစ် နှစ်ကုန်ပိုင်းအရောက်မှာ ကာကွယ်ဆေး ၁.၃ ဘီလီယံဝန်းကျင် ထုတ်လုပ်နိုင်မယ်လို့ ထုတ်လုပ်နိုင်မယ်လို့ ယုံကြည်ထားကြောင်း သိရပါတယ်။ ထပ်မံသိရှိရတဲ့ သတင်းအရ Pfizer နဲ့ BioNTech တို့ရဲ့ ကာကွယ်ဆေး နောက်ဆုံးအဆင့်စမ်းသပ်မှု အပြီးသတ်ရလဒ်များအရ COVID-19 ကို ၉၅ ရာခိုင်နှုန်း ကာကွယ်ပေးနိုင်ကြောင်း တွေ့ရတယ်လို့ Pfizer က ထုတ်ပြန်ပြောကြားပါတယ်။

သို့သော် ကာကွယ်ဆေး သယ်ယူပို့ဆောင်ရာမှာတော့ အပူချိန်ကို အနုတ် ၇၀ ဒီဂရီဆဲလ်စီးယပ်အောက်မှာ ထိန်းထားရမှာဖြစ်ရာ စိန်ခေါ်မှုတွေရှိနေပါတယ်။ Moderna ကာကွယ်ဆေးကတော့ Pfizer ကာကွယ်ဆေးထက် ပိုမိုလွယ်ကူစွာ ဖြန့်ဖြူးနိုင်တဲ့ အားသာချက်ရှိပြီး အပူချိန် ၂ မှ ၈ ဒီဂရီဆဲလ်စီးယပ်စ်ဖြင့် ရက် ၃၀ ကြာ သိုလှောင်ထားနိုင်ပြီး အပူချိန် အနုတ် ၂၀ ဒီဂရီဆဲလ်စီးယပ်စ်ဖြင့်ဆိုပါက ၆ လအထိ သိုလှောင်ထားနိုင်ပါတယ်။

နောက်ထပ် အမေရိကန် ဆေးဝါးထုတ်လုပ်ရေးကုမ္ပဏီတစ်ခုဖြစ်တဲ့ Johnson & Johnson (J&J) ကလည်း တစ်ကြိမ်တည်းသာထိုးရတဲ့ COVID-19 ကာကွယ်ဆေး နောက်ဆုံးအဆင့် စမ်းသပ်မှုတွေကို လူဦးရေ ၆၀,၀၀၀ နဲ့ ပြုလုပ်နေ

ပြီး ယခုနှစ်ကုန်ပိုင်း သို့မဟုတ် လာမယ့်နှစ်အစောပိုင်းမှာ ရလဒ်သိရှိနိုင်မယ်လို့ ပြောထားပါတယ်။

ဗြိတိန်ကာကွယ်ဆေး

ဗြိတိန်နိုင်ငံ အောက်စ်ဖို့တက္ကသိုလ်နဲ့ ဆေးဝါးထုတ်လုပ်ရေးကုမ္ပဏီ AstraZeneca တို့ ပူးပေါင်းထုတ်လုပ်ထားတဲ့ ကာကွယ်ဆေးကိုလည်း နောက်ဆုံးအဆင့် စမ်းသပ်မှုတွေ လုပ်ဆောင်နေပြီး ယခုနှစ်မကုန်ခင်မှာ စမ်းသပ်မှုရလဒ်များ ထုတ်ပြန်နိုင်မယ်လို့ ဆိုပါတယ်။ ထိုကာကွယ်ဆေးက အသက် ၆၀ ကျော်နဲ့ ၇၀ ကျော်အရွယ်တွေမှာ သန်စွမ်းတဲ့ ကိုယ်ခံစွမ်းအားတုံ့ပြန်မှု ဖြစ်ပေါ်စေကြောင်း တွေ့ရှိခဲ့ရပြီး ကူးစက်ခံရမှုအန္တရာမြင့်မားတဲ့ အသက်အရွယ်အုပ်စုကို ကာကွယ်ပေးနိုင်မယ့် မျှော်လင့်ချက်မြင့်တက်လာပါတယ်။

ကာကွယ်ဆေးကို မိမိသဘောဆန္ဒအလျောက် ပါဝင်စမ်းသပ်ခံသူ ၅၆၀ မှာ ဒုတိယအဆင့် ထိုးနှံစမ်းသပ်ခဲ့မှုရလဒ်တွေဟာ အားတက်စရာဖြစ်ကြောင်း သုတေသီတွေက Lancet ဆေးပညာဂျာနယ်မှာ ပြောထားပါတယ်။ အောက်စ်ဖို့တက္ကသိုလ်နဲ့ AstraZeneca တို့ရဲ့ ကာကွယ်ဆေးကို ပိုမိုများပြားတဲ့ လူဦးရေနဲ့လည်း တတိယအဆင့် (နောက်ဆုံးအဆင့်) စမ်းသပ်မှုတွေ လုပ်ဆောင်နေပြီး ခရစ္စမတ်မှာ ရလဒ်များသိရှိနိုင်မယ်လို့ ခန့်မှန်းထားပါတယ်။ အောက်စ်ဖို့တက္ကသိုလ်နဲ့ AstraZeneca တို့ရဲ့ ကာကွယ်ဆေးကို ဗြိတိန်မှာ ဒီဇင်ဘာလကုန် သို့မဟုတ် ၂၀၂၁ ခုနှစ် အစောပိုင်းမှာ အသုံးပြုနိုင်မယ်လို့ မျှော်လင့်ထားပါတယ်။ 

ရုရှားကာကွယ်ဆေး

ရုရှားနိုင်ငံထုတ် Sputnik V အမည်ရှိ ကာကွယ်ဆေးက COVID-19 ကို ကာကွယ်ရန် ၉၀ ရာခိုင်နှုန်းကျော် ထိရောက်မှုရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ကြေညာထားပါတယ်။ Sputnik V ကာကွယ်ဆေးကို လူဦးရေ လူဦးရေ ၄၀,၀၀၀ ကျော်မှာ စမ်းသပ်နေကြောင်း ကာကွယ်ဆေးစီမံကိန်းကို ငွေကြေးထောက်ပံ့ထားတဲ့ Russian National Wealth Fund ရဲ့ ထုတ်ပြန်ထားမှုအရ သိရှိရပါတယ်။

Sputnik V ကို မော်စကိုမြို့တော်ရှိ Gamaleya National Research Center သုတေသနဌာနနဲ့ ရုရှားကာကွယ်ရေးဝန်ကြီးဌာတို့က ပူးပေါင်းထုတ်လုပ်ခဲ့တာ ဖြစ်ပါတယ်။ ရုရှားနိုင်ငံထုတ် Sputnik V ကာကွယ်ဆေး တစ်ကြိမ်ထိုးနှံထားပါက COVID-19 ကို အနည်းဆုံး ၂ နှစ်ကြာ ကာကွယ်နိုင်တယ်လို့ Gamaleya သုတေသနဌာနရဲ့ ညွှန်ကြားရေးမှူး Alexander Gintsburg က ဩဂုတ် ၁၃ ရက်နေ့မှာ ပြောကြားခဲ့ဖူးပါတယ်။

ရုရှားကျွမ်းကျင်သူတွေက ကာကွယ်ဆေးကို သယ်ယူပို့ဆောင်ရာမှာ အပူချိန်ထိန်းသိမ်းထားရတဲ့ ပြဿနာမရှိဘဲ အလွယ်တကူဖြစ်စေရန် အေးခဲပြီး အခြောက်ခံထားတဲ့ ပုံစံမျိုးဖြင့် ထုတ်လုပ်ရန် ကြိုးပမ်းနေပါတယ်။

တရုတ်ကာကွယ်ဆေး

တရုတ်နိုင်ငံက ထုတ်လုပ်ထားပြီး နောက်ဆုံးအဆင့် စမ်းသပ်မှုတွေ ပြုလုပ်နေတဲ့ COVID-19 ကာကွယ်ဆေး လေးမျိုးရှိကြောင်း သိရပါတယ်။ ၎င်းတို့အနက်မှ အနည်းဆုံး သုံးမျိုးကို မရှိမဖြစ် လိုအပ်တဲ့ ဝန်ထမ်းတွေမှာ အရေးပေါ်သုံးအဖြစ် ဇူလိုင်လမှစပြီး ထိုးနှံပေးခဲ့တယ်လို့ ဆိုပါတယ်။တရုတ်နိုင်ငံပိုင် ဆေးဝါးထုတ်လုပ်ရေးကုမ္ပဏီကြီးဖြစ်တဲ့ China National Pharmaceutical Group (Sinopharm) နဲ့ အမေရိကန်မှာ မှတ်ပုံတင်ထားတဲ့ Sinovac Biotech ကုမ္ပဏီတို့က ကာကွယ်ဆေးသုံးမျိုး ထုတ်လုပ်စမ်းသပ်နေပါတယ်။

Sinovac Biotech ရဲ့ ကာကွယ်ဆေးကို လူ ၇၀၀ ဝန်းကျင်မှာ စမ်းသပ်မှုရလဒ်အရ ကိုယ်ခံစွမ်းအားစနစ် တုံ့ပြန်မှုကို အလျင်အမြန် ဖြစ်ပေါ်စေကြောင်း တွေ့ရတယ်လို့ သုတေသီတွေက ဆိုပါတယ်။ ၎င်းတို့ရဲ့ COVID-19 ကာကွယ်ဆေးကို Phase 3 စမ်းသပ်မှုများ ပြီးဆုံးအောင်မြင်ပြီးနောက် ယခုနှစ်ကုန်မှာ အများပြည်သူအတွက် အသုံးပြုနိုင်ရန် အဆင့်သင့်ဖြစ်မယ်လို့ တရုတ်အစိုးရပိုင် Sinopharm ကုမ္ပဏီက ဇူလိုင်လအတွင်း ပြောထားခဲ့ပါတယ်။

တရုတ်ရဲ့ စတုတ္တမြောက် ကာကွယ်ဆေးကိုတော့ CanSino Biologics ကုမ္ပဏီက ထုတ်လုပ်ခဲ့ပြီး အသုံးပြုရန် တရုတ်စစ်တပ်က ဇွန်လအတွင်း ခွင့်ပြုပေးခဲ့ပါတယ်။ တရုတ်ကာကွယ်ဆေးတွေရဲ့ နောက်ဆုံးအဆင့် စမ်းသပ်မှုတွေကို အာရပ်စော်ဘွားများပြည်ထောင်စု (ယူအေအီး) နဲ့ ဘရာဇီး နိုင်ငံတွေမှာ လုပ်ဆောင်နေပါတယ်။

ကိုဗစ်ကာကွယ်ဆေး ဆက်စပ်သတင်းများဖတ်ရှုရန်

Source and Photo: Reuters, J&J, WSJ, Russian Health Ministry, Andadolu


ဆက်စပ်အကြောင်းအရာများ


Author


က္က