ဘယ်သတင်းတွေ ပါဝင်မလဲ။

၂၀၁၈ ခုနှစ်အတွင်း ဆိုရှယ်မီဒီယာမှာ အရမ်းနာမည်ကြီးသွားခဲ့တဲ့ သတင်းတွေကို လအလိုက်ရွေးချယ်ပြီး Duwun Media က တင်ဆက်ပေးလိုက်ပါတယ်။

Photo : Life

ဇန်နဝါရီ

၂၀၁၈ နှစ်ဆန်းဆန်းချင်းမှာ အားလုံးအံ့အားသင့်ခဲ့ရတဲ့သတင်းက ယွန်းဝတီလွင်မိုး မင်္ဂလာဆောင် တော့မယ့်ဆိုတဲ့ သတင်းပါပဲ။ ကလေးပဲရှိသေးတယ်လို့ အားလုံးက သတ်မှတ်ထားတဲ့ အသက် ၂၀ အရွယ် ယွန်းဝတီလွင်မိုးရဲ့ မင်္ဂလာသတင်းကို ကောလာဟလလို့သာ အားလုံးက ထင်ခဲ့ကြတာပါ။ ဒါပေမဲ့ ခေးလေးက ဇန်နဝါရီလ ၄ ရက်နေ့မှာ သူမရဲ့ချစ်သူ ထက်ဦးလှိုင်နဲ့ Melia Hotel မှာ မင်္ဂလာပွဲဆင်နွှဲလိုက်ပါတယ်။


ဖေဖော်ဝါရီလ

ဖေဖော်ဝါရီ လထဲမှာ ဗေဒင်ဆရာအောင်ချစ်ပိုဟာ ဗေဒင်လာမေးတဲ့ အမျိုးသမီးငယ်များအပေါ် မဖွယ်မရာ ပြုလုပ်တယ်ဆိုတဲ့ သတင်းဟာ ပရိသတ်တွေကြားထဲ တော်တော့်ကို ဂယက် ထခဲ့တဲ့ သတင်းဖြစ်ပါတယ်။ နာမည်ကြီး ဟာသသရုပ်ဆောင် ဒိန်းဒေါင်ရဲ့သမီး ဒိန်းပိုပိုဒေါင်က အဲဒီဖြစ်ရပ်မျိုးကြုံတဲ့သူတွေထဲမှာ သူမလည်း ပါဝင်ကြောင်း ဖွင့်ချလိုက်ပြီးတဲ့နောက် ဒီသတင်းဟာ ဟိုးလေးတကျော်ဖြစ်သွားခဲ့ပါတယ်။

ဒိန်းပိုပိုဒေါင် ကိုယ်တိုင်ဦးစီးကာ မဖွယ်မရာ ပြုလုပ်ခံရတဲ့ အမျိုးသမီးငယ်လေးတွေနဲ့ စုစည်းကာ အောင်ချစ်ပိုကို ကိုယ်ထိလက်ရောက်ပြုမှု၊ နှုတ်ဖြင့်စော်ကားမှုများဖြင့် ဖေဖော်ဝါရီ(၂)ရက်နေ့က တရားစွဲဆိုခဲ့ပြီး ဗေဒင်ဆရာ အောင်ချစ်ပိုကလည်း တရားစွဲဆိုလာတဲ့ မိန်းကလေးတွေကို အသရေဖျက်မှုနဲ့ တရားပြန်စွဲဆိုခဲ့ပါတယ်။

မတ်လ

မတ်လထဲမှာ အန်တီဆွေဇင်ထိုက်ရဲ့ တောကားမြို့ကားဆိုတဲ့ စကားတစ်ခွန်းက အနုပညာလောကကြီးမှာ ဂယက်တွေထခဲ့ပါတယ်။၂၀၁၈ခုနှစ်ထဲမှာ အနုပညာလောကထဲ ဝင်ရောက်လာတဲ့ ခီမောင်နှံရဲ့ ဇာတ်ကားေ တွရဲ့ အောင်မြင်မှု နောက် တောကားမြို့ကားဆိုတဲ့ စကားတွေဟာ ပေါ်ပေါက်ခဲ့တာပါ။ အဲ့ဒီဂယက်ကြီးက အကယ်ဒမီပေးပွဲကြီးအထိ သယ်ဆောင်သွားခဲ့ပါတယ်။

၂၀၁၈ခုနှစ် မတ်လ(၂၃) ရက်နေ့မှာ ကျင်းပခဲ့တဲ့ အကယ်ဒမီပေးပွဲမှာ ဒါရိုက်တာ စင်ရော်မောင်မောင်က အဲ့စကားပေါ် မူတည်ပြီး “ကျွန်တော်ကတောသားပါ” ဆိုပြီး စင်မြင့်ပေါ်မှာ ပြောခဲ့ပါသေးတယ်။ အကယ်ဒမီပေးပွဲမှာ ပရိသတ်တွေမှန်းထား တဲ့အတိုင်းဆုရခဲ့တဲ့ သူတွေရှိသလို မမျှော်လင့်ထားတဲ့ သရုပ်ဆောင်တွေ ဆုရရှိခဲ့တာတွေအတွက်လည်း ဆိုရှယ်မီဒီယာမှာ ပျော်ရွှင်သံတွေရော မကျေနပ်သံတွေရော ဆူညံသွားခဲ့ပါတယ်။

ဧပြီလ

ဧပြီလထဲမှာ အစ္စဏီဟာ ရည်းစားဟောင်း မော်ဒယ်စူးရှထက်ကို အဓမ္မပြုကျင့်နှိပ်စက်မှုနဲ့ တရားစွဲဆိုခံခဲ့ရပါတယ်။ အလိုမတူဘဲ အဓမ္မပြုကျင့်မှု၊ ကိုယ်လက်အဂါၤတွေကို နာကျင်အောင် ရိုက်နှက်ခဲ့တာတွေနဲ့ စူးရှထက်က အစ္စဏီကို တာမွေမြို့နယ် ရဲစခန်းမှာ အမှုဖွင့်တိုင်ကြားခဲ့တာကြောင့် အစ္စဏီကို ဧပြီ(၁၂) ရက်နေ့က တာမွေရဲစခန်း ဖမ်းစီးအရေးယူခဲ့ပါတယ်။

ယောင်ကိုင်းနေတဲ့ မျက်နှာနဲ့ ငိုကျွေးပြီး ဖြစ်စဉ်ကို ပြောပြနေတဲ့ စူးရှထက်ရဲ့ အင်တာဗျူးဗီဒီယိုဖိုင်တွေလည်း ထွက်ပေါ်လာခဲ့ပါတယ်။ စူးရှထက်ဘက်မှာ ရပ်တည်သူတွေရှိသလို အစ္စဏီဘက်မှ ရပ်တည်သူတွေလည်း ရှိနေခဲ့ပြီး အငြင်းပွားမှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။ ပုဒ်မ ၃ ခုနဲ့ တရားစွဲခံထားရတဲ့ အစ္စဏီရဲ့အမှုက အခုချိန်တိ မပြီးပြတ်သေးဘဲ အဆိုတော်အစ္စဏီကတော့ အမှုဖြစ်ချိန်ကစလို့ ယခုချိန်အထိ အကျဉ်းကျနေဆဲပါပဲ။

Photo : ရွှေထူး FB

မေလ

မေလထဲမှာ ရွှေထူးဟာ (၆)နှစ်ကျော်ကြာ လက်တွဲခဲ့တဲ့ ချစ်သူနဲ့ လမ်းခွဲခဲ့တာပါ။ Long Distance Relation ကို ပိုင်ဆိုင်ထားတဲ့ ရွှေထူးက ချစ်သူနဲ့ လမ်းခွဲလိုက်တဲ့အကြောင်းကို မေလ(၈) ရက်နေ့က သူ့ရဲ့ ဖေ့စ်ဘွတ်ကနေ ပြောပြခဲ့တာပါ။ အဲဒီအတွက် ရွှေထူးတစ်ယောက် ဝေဖန်မှုအများအပြားနဲ့ ရင်ဆိုင်ခဲ့ရပြီး ပရိသတ်များစွာရဲ့ ချစ်ခင်မှုကိုပါ ဆုံးရှုံးခဲ့ရပါတယ်။

Photo : စမိုင်းလ် FB

ဇွန်လ

ဇွန်လထဲမှာ စမိုင်းလ်ကို ခင်ပွန်းက ဇွန်လ(၆)ရက်နေ့က Myanmar Plaza မှာ မွေးနေ့ Surprise ပြုလုပ်ပေးခဲ့ပုံက အားလုံး အားကျစရာ ဖြစ်ခဲ့တာပါ။ စမိုင်းလ်အတွက် မွေးနေ့ surprise ဟာ ရိုးရိုးရှင်းရှင်းပုံစံမျိုးမဟုတ်ဘဲ Myanmar Plaza ပရိုမိုးရှင်းဧရိယာမှာ သိန်း ၈ ထောင်တန် Rolls-Royce  ကားကြီးတစ်စီး လက်ဆောင်ပေးခဲ့တာပါ။

Photo : သင်ဇာဝင့်ကျော်

ဇူလိုင်လ

ဇူလိုင်(၁၄) ရက်နေ့က ပြုလုပ်တဲ့ Balance Fitness center ဖွင့်ပွဲတစ်ခုမှာ သင်ဇာဝင့်ကျော်ရဲ့ ဆက်စီကျလွန်းတဲ့ ဖက်ရှင်ကြောင့် ပရိသတ်တွေကြား တော်တော့်ကို လှုပ်လှုပ်ခတ်ခတ်ဖြစ်သွားခဲ့ပါတယ်။ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးကပါ ခေါ်ဆူတဲ့အထိပါ ဖြစ်ခဲ့ပါတယ်။ သူမအနေနဲ့ ဘီကီနီနဲ့ရိုက်တဲ့ ဓာတ်ပုံတွေ အများကြီးရှိခဲ့ပေမယ့် ပွဲလမ်းသဘင်မျိုးမှာ ဒီလိုပုံစံ ပထမဆုံးအကြိမ် ဝတ်ခဲ့ခြင်းဖြစ်ပါတယ်။

သင်ဇာဝင့်ကျော်ရဲ့ သတင်းနာမည်ကြီးသွားပြီး နောက်တစ်နေ့ ဇူလှိုင်(၁၄)ရက်နေ့မှာ သီဟတင်စိုးက အိမ်ဖော်အမျိုး သမီးအား အဓမ္မပြုကျင့်တယ်ဆိုတဲ့ သတင်းက ထွက်ပေါ်လာခဲ့ပါတယ်။ သီဟတင်စိုးဟာ မုဒိမ်းမှုနဲ့ စွပ်စွဲခံရချိန်အတောအတွင်းမှာ တိမ်းရှောင်နေခဲ့ရတာပါ။

အိမ်ဖော်အမျိုးသမီးခင်မာမြင့်ကို အားလုံးက အယုံအကြည်မရှိဘဲ သူ့အကြောင်းကို အားလုံး ဝိုင်းဝန်းစုံစမ်းရာမှ အမှုမှန်ပေါ်ပေါက်ခဲ့တဲ့ အထူးခြားဆုံး ဖြစ်ရပ်တစ်ခုလည်း ဖြစ်ပါတယ်။ အခုလက်ရှိမှာ ခင်မာမြင့်နဲ့ကြံရာပါ နောက်တစ်ယောက်ကို သီဟတင်စိုးရဲ့ ဇနီး ဇင်မာဦးက ခြိမ်းခြောက်ငွေတောင်းခံမှုနဲ့ တရားစွဲဆိုထားတာကြောင့် စစ်ဆေးမှုတွေ ပြုလုပ်လျက်ရှိပါတယ်။


Photo : အေသင်ချိုဆွေ

သြဂုတ်လ

သြဂုတ်လထဲမှာ အေသင်ချိုဆွေဟာ Single Mother ဖြစ်ကြောင်း သြဂုတ်လ(၉) ရက်နေ့က Live လွှင့်ရင်း ဝန်ခံလိုက်တာပါ။အဲ့ဒီသတင်းက အားလုံးကို အံ့အား သင့်စေခဲ့ပါတယ်။ သတ္တိရှိလွန်းလှတဲ့ အေသင်ချိုဆွေကို ပရိသတ်တွေက အရင်ထက်ပို အားပေးခဲ့ကြသလို ချစ်စရာကောင်းလွန်းတဲ့သမီးလေးကလည်း ပရိသတ်ရဲ့အသည်းကျော်လည်း ဖြစ်သွားပါတယ်။

ဒီလထဲမှာပဲ အငြင်းပွားမှုများလွန်းတဲ့ Myanmar Idol ပြိုင်ပွဲကြီးလည်း ရှိနေခဲ့ပါတယ်။ ပြိုင်ပွဲဝင်များဖြစ်ကြတဲ့ ဖြိုးမြတ်အောင်နဲ့ ချမ်းမြေ့မောင်ချိုတို့နဲ့ ပတ်သက်ပြီး ပြိုင်ပွဲပြီးတာတောင် အငြင်းပွားမှုတွေ ရပ်မသွားခဲ့ပါဘူး။

Photo : ရွှေမှုံ.ရွှေထူး.နေခြည်ဦး


စက်တင်ဘာလ

စက်တင်ဘာလထဲမှာ ပရိသတ်အခိုင်အမာ ကိုယ်စီရှိကြတဲ့ ရွှေထူးနဲ့ ရွှေမှုံရတီတိုနှစ်ယောက် ချစ်သူတွေဖြစ်ပြီဆိုတာကို တရားဝင်ကြေညာလိုက်ပါတယ်။ သူတို့ရဲ့အမာခံပရိသတ် အများစုက ဒီကိစ္စကို လုံးဝမကျေနပ်နိုင်ဖြစ်ကြပြီး သူတို့ကို အားမပေးတော့ဘူးဆိုတဲ့အထိ ဖြစ်ခဲ့ပါတယ်။

သူတို့ကိစ္စပြီးတဲ့အချိန်မှာ နောက် ထပ်ပြီး စိတ်ဝင်စားခံရတဲ့ သတင်းကဝတ်မှုံရွှေရည်နဲ့ နေခြည်ဦးတို့ ရဲ့သတင်းပါ။ သူတို့နှစ်ဦးဟာ စက်တင်ဘာ(၂၇) ရက်နေ့မှာ ပါရီမှာ ကျင်းပတဲ့ Maybelline New York ပွဲကို တက်ရောက်ဖို့အတွက် ပါရီသို့ သွားခဲ့ကြပါတယ်။

သူတို့နှစ်ဦးဟာ တစ်ဦးချင်းစီမှာ အားပေးတဲ့ ပရိသတ်တွေ များလွန်းတာကြောင့် ပရိသတ်တွေရဲ့ ပြိုင်ဆိုင်မှုကြောင့် ဂယက်တွေ ထခဲ့ရပါတယ်။ သူတို့နှစ်ဦးကတော့ ဘာမှ မဖြစ်ခဲ့ကြပေမယ့် ပရိသတ်တွေအချင်းချင်းက သူတို့နှစ်ဦးရဲ့ ဝတ်စားဆင်ယင်မှု၊ သုံးတဲ့ Brand တွေကအစ ပြိုင်ဆိုင်ခဲ့ကြတာပါ။

Photo : ဟိန်းမင်းသူ.မင်းသွေး

အောက်တိုဘာ

အောက်တိုဘာလ ၃ ရက်နေ့မှာ အသက် ၃၃ နှစ်အရွယ် သရုပ်ဆောင်မင်းသွေး ရုတ်တရက်ဆုံးပါးသွားတဲ့ကိစ္စက အနုပညာအသိုင်းအဝိုင်းမှာရော ပရိသတ်တွေကြားမှာပါ တော်တော်လေး စိတ်မကောင်းဖြစ်စရာသတင်းတစ်ခု ဖြစ်ပါတယ်။ အစ်ကိုဖြစ်သူ နေတိုးနဲ့ အနုပညာရှင်များစွာ လိုက်ပါပို့ဆောင်ခဲ့တဲ့ မင်းသွေးရဲ့ဈာပနနေ့မှာလည်း စိတ်မကောင်းခြင်းများစွာ၊ ဂယက်ပေါင်းများစွာ ဖြစ်ပေါ်ခဲ့ပါတယ်။

မင်းသွေးဆုံးပြီး သိပ်မကြာခင်မှာပဲ ဟိန်းမင်းသူဟာ အိပ်ဆေးတွေ အလွန်အကျွံ သောက်သုံးခဲ့တာကြောင့် အရေးပေါ်သို့ ရောက်ခဲ့ရပါတယ်။

ဟိန်းမင်းသူရဲ့ Facebook Account Hack ခံရပြီးနောက်ပိုင်းမှာ သူ့ရဲ့ Private Chat တွေရဲ့ Screenshot တွေ ထွက်ပေါ်လာခဲ့ပြီး လှောင်ပြောင်မှုများစွာ ခံရပြီးတဲ့နောက် ဟိန်းမင်းသူက အိပ်ဆေးတွေ သောက်ခဲ့ပါတယ်။ သူငယ်ချင်းတွေက သူ့ကို ဆေးရုံကို အချိန်မီရောက်အောင် ပို့ဆောင်ပေးခဲ့တာကြောင့် အသက်မဆုံးရှုံးခဲ့တာ ဖြစ်ပါတယ်။

Photo : amazing grace

နိုဝင်ဘာလ

နိုဝင်ဘာလထဲမှာ ရွှေထူးနဲ့ ရွှေမှုံတို့ရဲ့ မင်္ဂလာသတင်းဟာ ပရိသတ်တွေကို အံ့သြစေခဲ့ပြန်ပါတယ်။ ဒီနှစ်ထဲမှာဘဲ ချစ်သူဖြစ်ခဲ့တဲ့ သူတို့နှစ်ဦးဟာ မင်္ဂလာပွဲကို ဒီနှစ်ထဲမှာပဲ ပြုလုပ်ခဲ့ပါတယ် ။ရွှေထူးဟာ ရွှေမှုံကို ဘောလုံးကွင်းတစ်ကွင်းလုံးငှားပြီး လက်ထပ်ခွင့်တောင်းခဲ့တာလည်း ဖြစ်ပါတယ်။ အဲ့ဒီနောက် သူတို့နှစ်ဦးဟာ အောက်တိုဘာ(၃၀) ရက်နေ့ နေပြည်တော် Park Royal hotel မှာ နှစ်ဦးသဘောတူ လက်မှတ်ရေးထိုးခဲ့ပြီး နိုဝင်ဘာ(၉) ရက်နေ့ မှော်ဘီမြို့နယ်မှာ ရှိတဲ့ အောင်ဇဗ္ဗူတောရကျောင်းမှာ မင်္ဂလာဦးဆွမ်းကျွေးအလှူကို ပြုလုပ်ခဲ့ပါတယ်။ နှစ်ဖက်မိဘတွေ မပါတဲ့ မင်္ဂလာပွဲမို့ ပရိသတ်တွေရဲ့ ဝေဖန်မှုတွေ များစွာ ရှိခဲ့ပါတယ်။ မင်္ဂလာညစာစားပွဲကိုတော့ နိုဝင်ဘာ(၁၁) အင်းလျားလိတ်ဟိုတယ်မှာ ပြုလုပ်ခဲ့တာပါ။



Photo : မိုးအောင်ရင် FB

ဒီဇင်ဘာ


ဒီဇင်ဘာလထဲမှာ

မူးယစ်ဆေးဝါးမှုနဲ့ ဖမ်းဆီးခံထားရတဲ့ မိုးအောင်ရင်ကို နောက်ဆုံးအကြိမ် အမိန့်ချခဲ့ တာပါ။ မိုးအောင်ရင်ကို နိုဝင်ဘာ(၂၆) ရက်နေ့က ပုဇွန်တောင်တရားရုံးကနေ မူးယစ်ဆေးဝါး လက်ဝယ်တွေ့ရှိမှုနဲ့ သုံးစွဲမှုအတွက် အလုပ်နဲ့ ထောင်ဒဏ်(၅)နှစ် ချမှတ်ခဲ့သလို ဒီဇင်ဘာ(၁၂) ရက်နေ့က ခရိုင်တရားရုံးကနေ မူးယစ်ဆေးဝါးရောင်းဝယ်မှု ပုဒ်မ ၁၉(က)နဲ့ ထောင်ဒဏ် (၁၂)နှစ် ချမှတ်ခဲ့ပါသေးတယ်။အဲ့ဒါကြောင့် မိုးအောင်ရင်ဟာ ထောင်ဒဏ်(၁၇)နှစ် တိတိကျခံရမှာ ဖြစ်ပါတယ်။ လူငယ်တစ်ယောက်ရဲ့ ဘဝထောင်ထဲမှာပဲ ဆုံးရှုံးလိုက်ရတော့မှာဖြစ်လို့ အားလုံးက စိတ်မကောင်း ဖြစ်နေကြတာပါ။

Share

Loading Next Article...
က္က